ပေါ်တူဂီ အသင်းရဲ့ အသင်းခေါင်းဆောင်ကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဥဇဘက်ကစ္စတန်နဲ့ ပွဲမှာ သူ့ရဲ့ သမိုင်းဝင် ကမ္ဘာ့ဖလား သွင်းဂိုးတွေကို စတင် ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့တာဟာ ပေါ်တူဂီ အသင်းဖော်တွေ အတွက်ပါ ကြီးမားတဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်လို့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဇ်က ဆိုလိုက်ပါတယ်။
အုပ်စု အဖွင့် ပွဲစဉ်မှာ ဒီအာကွန်ဂိုနဲ့ ၁-၁ သရေကျခဲ့ပြီးနောက် နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ ပွဲထွက် လူစာရင်းမှာ ရော်နယ်ဒို ပါဝင်သင့်၊ မပါဝင်သင့် ဆိုပြီး ဝေဖန်မှု တချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အသက် ၄၁ နှစ် အရွယ် ဝါရင့် တိုက်စစ်မှူးကြီးဟာ ဥဇဘက်ကစ္စတန်နဲ့ ပွဲမှာတော့ သူ့ရဲ့ အဆင့်အတန်းကို သက်သေပြပြီး ဝေဖန်သူတွေကို ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီ အသင်းက ဥဇဘက်ကစ္စတန်ကို ၅ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာပါ။ ပွဲစစချင်းမှာတင် ရော်နယ်ဒိုက အနီးတိုင် ဘေးကနေ ဘောလုံးကို အပိုင် ဗော်လီကန်သွင်းပြီး ပေါ်တူဂီ အတွက် အဖွင့်ဂိုးကို ရှာဖွေပေးခဲ့ပါတယ်။ အဲဒီနောက် နူနို မန်ဒက်စ်က လှပတဲ့ ဖရီးကစ် ကနေ ဒုတိယဂိုး သွင်းယူချိန် မှာလည်း ရော်နယ်ဒိုက တားဆီးသူတွေကို လမ်းကြောင်း လွှဲပေးတဲ့ နေရာ ကနေ ပါဝင် ပတ်သက်ခဲ့ပါသေးတယ်။
မကြာခင်မှာပဲ ဘရူနို ဖာနန်ဒက်ဇ်ရဲ့ ကွင်းလယ်ကနေ အကွက်မြင်မြင် ကန်တင်ပေးလိုက်ရာ ကနေ တစ်ဆင့် ရော်နယ်ဒိုက ဂိုးသမားကို ကျော်ဖြတ်ကာ တတိယမြောက် ဦးဆောင်ဂိုးကို သေသပ်စွာ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဥဇဘက်ကစ္စတန် ဂိုးသမား အာဘူဗိုဟစ် နေမာတော့ဗ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ဂိုးနဲ့ လူစားဝင်လာတဲ့ ရာဖေးလ် လီယာအိုရဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကြောင့် ပေါ်တူဂီတို့ ၅ ဂိုးပြတ် ရလဒ်နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုဟာ ဟက်ထရစ်ရဖို့ အခွင့်အရေး အများအပြား ရခဲ့ပါတယ်။ သူဟာ ပွဲအတွင်း ကန်သွင်းခွင့် ၇ ကြိမ် (တခြားကစားသမားတွေထက် နှစ်ဆကျော် ပိုများခဲ့)၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၁၀ ကြိမ်နဲ့ ဂိုးရနိုင်ချေ မျှော်မှန်းချက် (xG) ၁.၆ အထိ ရှိခဲ့လို့ ကွင်းအတွင်း အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

အဓိကအကျဆုံး သမိုင်းမှတ်တမ်းကတော့ ရော်နယ်ဒိုဟာ ၂၀၀၆, ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခု ၂၀၂၆ ပြိုင်ပွဲ မှာပါ ထပ်မံ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် မတူညီတဲ့ ပြိုင်ပွဲ ၆ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ စုစုပေါင်း သွင်းဂိုး ၁၀ ဂိုး အထိ ရှိလာခဲ့တာကြောင့် ၁၉၆၆ တုန်းက ၉ ဂိုး သွင်းခဲ့တဲ့ ဂန္ထဝင် တိုက်စစ်မှူး အူဆီဘီယိုကို ကျော်ဖြတ်ပြီး ပေါ်တူဂီ အသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါပြီ။
ဝေဖန်သူ တချို့က ရော်နယ်ဒိုရဲ့ တည်ရှိနေမှုဟာ ပေါ်တူဂီအသင်းရဲ့ အဝတ်လဲခန်း အတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေနိုင်တယ်လို့ ထောက်ပြနေကြပေမယ့် ဘရူနို ဖာနန်ဒက်ဇ် ကတော့ ဒီအချက်ကို လုံးဝ ငြင်းဆန်လိုက်ပြီး အသင်းဖော် အားလုံး ရော်နယ်ဒို အတွက် ဝမ်းသာနေကြကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ ကပ္ပတိန်ကြီး ဂိုးသွင်းနိုင်ဖို့က အသင်း အတွက် အရမ်းအရေးကြီးသလို၊ သူ ဂိုးသွင်းနိုင်ခဲ့လို့လည်း ကျနော်တို့ အားလုံး အရမ်းကို ဝမ်းသာမိပါတယ်။ သူက ကျနော်တို့ တိုက်စစ်ရဲ့ အားထားရဆုံး ကစားသမားပါပဲ။” လို့ ဘရူနိုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်သစ် (၂၁ ကြိမ်) တင်ထားတဲ့ ဘရူနို ဖာနန်ဒက်ဇ်က သူ့အနေနဲ့ အသင်း အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ပျော်ရွှင်မိပြီး ရှေ့ပွဲတွေမှာ သူ့ရဲ့ သွင်းဂိုးတွေ ကိုလည်း မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“လက်ရွေးစင် အသင်း အတွက် ဂိုးဖန်တီးပေးခွင့်ရတာ အမြဲတမ်း ထူးခြားပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမျိုးမှာပေါ့။ အဓိက ကတော့ ကျွန်တော် သွင်းသွင်း၊သူများ သွင်းသွင်း ပေါ်တူဂီ အသင်း ဂိုးရဖို့က အရေးကြီးဆုံးပါ။ ကျွန်တော့်ရဲ့ ကစားဟန်က အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးဖို့ ဖြစ်ပြီး ကျွန်တော့် အတွက် ဂိုးသွင်းရမယ့် အခွင့်အရေး ကတော့ အသင်းက တကယ် လိုအပ်မယ့် အချိန်မှာ ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဘရူနိုက အသင်းအကျိုးကို ရှေ့တန်းတင်ပြီး ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


