ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ ‘Big Six’ အသင်းကြီးတွေ ကတော့ လာမယ့် ၂၀၂၆-၂၀၂၇ ရာသီ အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ နွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အမြောက်အမြား ထပ်မံ သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။
၂၀၂၅-၂၀၂၆ ရာသီဟာ ဘူဒါပက်စ်မှာ ပြီးဆုံးသွားခဲ့ပြီး၊ ပီအက်စ်ဂျီက ပင်နယ်တီ အဆုံးအဖြတ်မှာ အာဆင်နယ်ကို အနိုင်ယူကာ ဂန်းနား တို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် အိပ်မက်ကို ရိုက်ချိုးခဲ့ခြင်းနဲ့ အတူလို့ပဲ ဆိုရပါမယ်။ ဒီဗိုလ်လုပွဲ အပြီး နှစ်ပတ် မပြည့်ခင် အချိန်မှာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် နွေရာသီမှာ ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်တော့မှာ ဖြစ်ပြီး ကစားသမားတွေ အနေနဲ့ ခြေစမ်းပွဲတွေပါ ကစားရမှာ ဖြစ်တာကြောင့် လုံလုံလောက်လောက် အနားမရတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေ ရှုပ်ထွေးသွားနိုင်ပြီး၊ စျေးကွက် ပိတ်ခါနီးမှာ ကစားသမားတွေကို တန်ကြေးထက် ပိုမို ပေးချေရတဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ငွေသုံးစွဲမှု ကတော့ ကျဆင်းသွားဖွယ် မရှိပါဘူး။
ပြီးခဲ့တဲ့ ရာသီက ‘Big Six’ အသင်းတွေ အတွက် ရလဒ်မျိုးစုံ ထွက်ပေါ်ခဲ့တဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ပြီး အသင်းတိုင်းက ဒီနွေရာသီမှာ ပြင်ဆင်စရာတွေ ရှိနေတယ်လို့ လက်ခံထားကြမှာ သေချာပါတယ်။ ဒီတော့ ‘Big Six’ အသင်းတွေထဲမှာ ဘယ်အသင်းတွေက နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း မဖြစ်မနေ အင်အား ဖြည့်တင်းဖို့ လိုအပ်သလဲ ဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။
၆။ မန်ချက်စတာစီးတီး
မိုးပြာရောင် မန်ချက်စတာ ကတော့ ဒီနွေရာသီမှာ အပြောင်းအလဲများစွာ ရှိလာနိုင်ပြီး ဒါကလည်း သူတို့ရဲ့ အဓိက ကစားသမား တချို့ကို လက်လွှတ်လိုက်ရတာကြောင့် ဖြစ်ပါတယ်။ စီးတီးကို ဆယ်စုနှစ် တစ်ခုကြာ စိုးမိုးနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြ ပပ် ဂွါဒီယိုလာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သလို၊ အသင်းရဲ့ အဓိက ဒေါက်တိုင်တွေ ဖြစ်တဲ့ ဂျွန် စတုန်းစ်နဲ့ ဘာနာဒို ဆေးလ်ဗား တို့ကိုလည်း နှုတ်ဆက်ခဲ့ရပြီး ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ နေရာမှာ အန်ဇို မာရက်စကာ အစားထိုး တာဝန်ယူမှာ ဖြစ်ပြီး၊ စီးတီးက အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ခေါ်ယူကာ ကွင်းလယ်ကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း စီးတီးက နည်းပြသစ် အတွက် လိုအပ်တဲ့ လူစာရင်း တည်ဆောက်မှုကို ပြီးခဲ့သည့် အပြောင်းအလဲစျေးကွက် ၃ ခု ကတည်းက ငွေကြေးအမြောက်အမြား သုံးစွဲကာ ကြိုတင် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ ကစားသမား အများအပြားကို ငွေပုံအောခေါ်ယူမယ့် အလားအလာ မရှိသလောက် နည်းပါးနေပါတယ်။
လက်ရှိမှာ စီးတီးက မားသီးယပ်စ် နူနက်စ်နဲ့ အပြိုင် ဖြစ်လာမယ့် ညာနောက်ခံလူ တစ်ဦးကို ပစ်မှတ်ထားနေပြီး၊ စပါးက စိတ်ဝင်စားနေတဲ့ ဆာဗင်ညို ထွက်ခွာရင်လည်း တောင်ပံ ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖွယ် ရှိနေပါတယ်။ ခြုံငုံကြည့်ရင် စီးတီးက လိုအပ်တဲ့ နေရာ အနည်းငယ်မှာသာ အားဖြည့်ရဖို့ ရှိတာကြောင့် နည်းပြသစ် မာရက်စကာ အတွက် အစပျိုးမှု ကောင်းမွန်နိုင်ပါတယ်။
၅။ အာဆင်နယ်
၂၀၂၅-၂၆ ရာသီ တလျှောက်လုံး ပရီးမီးယားလိဂ် ချန်ပီယံတို့ ဘာတွေ လိုအပ်နေလဲ ဆိုတာ ဘူဒါပက်စ်က ပင်နယ်တီ အရှုံး အပြီး အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ဂန်းနားတွေက Squad Depth ပြဿနာကို ပြီးခဲ့တဲ့ နွေရာသီက ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း၊ လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အနေနဲ့ တိုက်စစ်ပိုင်းမှာ အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေ လိုအပ်နေပါတယ်။
လီအန်ဒရို ထရော့စ်ဆက်ဒ်ဟာ ရာသီအကုန်ပိုင်းမှာ အရေးပါတဲ့ သွင်းဂိုး တချို့ ရယူပေးနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ် အနေနဲ့ သူ့ထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုမျိုး ရှာဖွေရမယ့် အချိန် ရောက်နေပြီ ဖြစ်ပါတယ်။ ဗစ်တာ ယောကရက်စ် ကလည်း ရာသီကုန်ခါနီးမှာ အခြေအနေ ကောင်းလာခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတော့ သူ့ရဲ့ အားနည်းချက် များစွာကို မြင်တွေ့ခဲ့ရပါတယ်။
နည်းပြ အာတေးတား အနေနဲ့ ပီအက်စ်ဂျီလို အသင်းကြီးတွေကို ယှဉ်ပြိုင်နိုင်ဖို့ တိုက်စစ်ပိုင်း ကစားသမားတချို့ကို ပြတ်ပြတ်သားသား ရောင်းထုတ်ပြီး လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ အာဆင်နယ်၏ အကောင်းဆုံး ခံစစ်ပိုင်းနဲ့ တည်ကန်ဘော အရည်အသွေးတွေက ပြည်တွင်း ဖလားတွေ ရရှိဖို့ လုံလောက်ပေမယ့်လည်း၊ ကမ္ဘာ့ဘောလုံးလောကရဲ့ အသိအမှတ်ပြုမှုကို အပြည့်အဝ ရရှိဖို့တော့ တိုက်စစ်ပိုင်းကို မဖြစ်မနေ အဆင့်မြှင့်တင်ရမှာ ဖြစ်ပါတယ်။
၄။ ချဲလ်ဆီး
ပြီးခဲ့သည့်ရာသီက ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း၊ နည်းပြသစ် အဖြစ် ဇာဘီ အလွန်ဆိုကို ခန့်အပ်လိုက်ခြင်းဖြင့် လန်ဒန် အနောက်ခြမ်းဆီ မျှော်လင့်ချက် အသစ်တွေ သယ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။
အမြဲတမ်း နည်းပြ ၅ ဦးအထိ လဲလှယ်ခဲ့တဲ့ BlueCo အုပ်ချုပ်ရေး အဖွဲ့က အခုတော့ စပိန် လူမျိုး နည်းပြကို အသင်းရဲ့ စီမံခန့်ခွဲပိုင်ခွင့် ကိစ္စရပ်တွေကို အပြည့်အဝ လွှဲအပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အလွန်ဆိုဟာ နည်းပြဟောင်း မာရက်စကာ လိုလားခဲ့တဲ့ လုပ်ပိုင်ခွင့်မျိုးကို ရရှိထားခြင်း ဖြစ်ပြီး၊ အပြောင်းအရွှေ့ ဈေးကွက်မှာ အတွေ့အကြုံရင့် ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။
ချဲလ်ဆီးရဲ့ အမာခံကစားသမားစုဖွဲ့မှုက အတော်အတန် တောင့်တင်းပေမယ့်လည်း တောင်ပံ နေရာတွေမှာ ဖန်တီးနိုင်မှု အပိုင်း လိုအပ်ချက် မြင့်မားပါတယ်။ ဒါ့အပြင် ဗဟိုနောက်ခံလူ တစ်ဦး မဖြစ်မနေ လိုအပ်နေသလို၊ မာ့ခ် ကူကူရယ်လာသာ ထွက်ခွာသွားခဲ့ရင်တော့ ဘယ်နောက်ခံလူ တစ်ဦး ကိုလည်း ရှာဖွေရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အနေနဲ့ ဥရောပပြိုင်ပွဲတွေ ကစားဖို့ မရှိတာက နည်းပြ အလွန်ဆို အတွက် လူစာရင်း အမြောက်အမြား ရှိနေရန် မလိုဘဲ၊ မလိုအပ်တဲ့ ကစားသမားတွေကို လျှော့ချပြီး လူစာရင်းကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြုလုပ်ဖို့ ကိုပဲ ဦးစားပေးဖွယ် ရှိပါတယ်။
၃။ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရာသီက ဥရောပပြိုင်ပွဲတွေ ကစားရခြင်း မရှိတာကြောင့် တစ်ပတ်ကို တစ်ပွဲသာ ကစားရတဲ့ အခြေအနေကို ကောင်းကောင်းအသုံးချကာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ နည်းပြ မိုက်ကယ် ကာရစ်ခ် အနေနဲ့ လက်ရှိအချိန်အထိ အသင်းကို အံ့အားသင့်ဖွယ် ကိုင်တွယ်ပေးထားနိုင်ပေမယ့်လည်း တကယ့် စိန်ခေါ်မှုက အခုမှ စတင်မှာပါ။ ယူနိုက်တက်က ချန်ပီယံလိဂ် ပြန်လည် ကစားခွင့် ရရှိခဲ့တာကြောင့် ကွင်းလယ်နဲ့ နောက်ခံလူ နေရာတွေ အတွက် အဆင်သင့်သုံးနိုင်မယ့် ကစားသမားတွေ လိုအပ်နေရုံသာမကဘဲ ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် နေရာစုံမှာ အရန် အင်အား တောင့်တင်းဖို့ ကလည်း အရေးကြီးပါတယ်။
သရဲနီတွေ အနေနဲ့ ဘယ်တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးနဲ့ ကက်စ်မဲရိုး ထွက်ခွာသွားပြီးနောက် အနည်းဆုံး ကွင်းလယ်လူ နှစ်ဦး လိုအပ်နေပါတယ်။ အတ္တလန္တာက အီဒါဆန်ဟာ သူတို့ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ပေမယ့်လည်း ဘရာဇီးလ် ကွင်းလယ်လူ တစ်ဦးတည်းနဲ့တော့ မလုံလောက်နိုင်ပါဘူး။
၂။ လစ်ဗာပူးလ်
၂၀၂၅ ခုနှစ်မှာ စံချိန်တင် အသုံးစရိတ် သုံးစွဲခဲ့ပေမယ့်လည်း လစ်ဗာပူးလ်က ၂၀၂၆-၂၇ ရာသီ အတွက် အရည်အချင်း ရှိတဲ့ ကစားသမားတွေကို ငွေပုံအော ခေါ်ယူရမယ့် အခြေအနေနဲ့ ထပ်မံ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့သည့် သုံးစွဲမှုတွေက အရာမထင်ခဲ့ဘဲ နည်းပြ အာနေး ဆလော့တ် ရာထူး ကနေ ထွက်ခွာသွားခဲ့ရပြီးနောက်၊ ဘုန်းမောက် နည်းပြဟောင်း အန်ဒိုနီ အီရာအိုလာသာ ရောက်ရှိလာရင်တော့ ဟာကွက်များစွာ ရှိနေတဲ့ လူစာရင်းကို လွှဲပြောင်း ရယူရမှာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးရမှာ ဖြစ်ပြီး၊ ဗန်ဒိုက်ခ် ထွက်ခွာမယ့် အနာဂတ် အတွက်ပါ ကြိုတင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အီဘရာဟီမာ ကိုနတေး ကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် လူငယ် နောက်ခံလူတွေ ဖြစ်တဲ့ ဂျာကေးနဲ့ လီယွန်နီ တို့ အပေါ်မှာပဲ ပုံအောဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ပထမရာသီမှာ ရုန်းကန်ခဲ့ရတဲ့ ကာကက်ဇ်နဲ့ ဖရင်မ်ပေါင် တို့ကြောင့် နောက်ခံ အစွန် နေရာ မှာလည်း အားနည်းချက် ရှိနေပါတယ်။
အလက်ဇန္တား အိဆက်ခ်နဲ့ ဖလော်ရီယန် ဗစ်ဇ်တို့ ဒုတိယရာသီမှာ ပိုမိုခြေစွမ်းပြဖို့ မျှော်လင့်ရမှာ ဖြစ်သလို၊ အလက်ဆစ် မက် အယ်လစ္စတာရဲ့ ခြေစွမ်း ကျဆင်းမှု ကိုလည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အခြေအနေ မဟန်ရင်တော့ ကွင်းလယ်လူသစ် တစ်ဦး ထပ်မံ ခေါ်ယူရမှာ ဖြစ်ပါတယ်။
၁။ တော့တင်ဟမ်ဟော့စပါး

နွေရာသီအပြောင်းအရွှေ့မှာ လိုအပ်ချက် အမြင့်မားဆုံး ကတော့ တော့တင်ဟမ်ဟော့စပါးပဲ ဖြစ်ပါလိမ့်မယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ မှားယွင်းတဲ့ နည်းပြ ခန့်အပ်မှုတွေကြောင့် ပရီးမီးယားလိဂ်မှာ နှစ်နှစ် ဆက်တိုက် အဆင့် ၁၇ နေရာနဲ့ တန်းမဆင်းရုံတမယ် ရုန်းကန်ခဲ့ရတဲ့ စပါးရဲ့ လူစာရင်းက ပြုပြင် ပြောင်းလဲမှု အမြောက်အမြား လိုအပ်နေပါတယ်။
အသင်းကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့တဲ့ နည်းပြ ရော်ဘတ်တို ဒီဇာဘီ ရှိနေတာက စပါး အတွက် အားသာချက် ဖြစ်ပြီး၊ အီတလီ လူမျိုး နည်းပြက အသင်းကို ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ကောင်းကောင်း သိထားပါတယ်။
အခုလက်ရှိ စပါးက ခံစစ် အတွက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ အန်ဒီ ရောဘတ်ဆန်နဲ့ မားကို့စ် ဆီနက်ဆီ တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း၊ တိုက်စစ်ပိုင်း တစ်ခုလုံး အဆင့်မြှင့်တင်ဖို့နဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ဦး ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။ ဒါ့အပြင် ခရစ္စတီယန် ရိုမီယိုရဲ့ နေရာမှာ အစားထိုးမယ့်သူကို ရှာဖွေရမှာ ဖြစ်သလို၊ ဂိုးသမား ဗီကာရီယိုသာ ထွက်ခွာသွားပါက ကင်စကီးနဲ့ အပြိုင်ကစားနိုင်မယ့် ဂိုးသမားသစ် တစ်ဦး ကိုပါ ရှာဖွေရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


