၂၀၁၆ ခုနှစ်က စတင် ရောက်ရှိလာချိန်နဲ့ နှိုင်းယှဉ်ရင် ဝါရင့် နည်းပြကြီး ပပ် ဂွါဒီယိုလာက သူထွက်ခွာချိန်မှာတော့ မန်ချက်စတာစီးတီးကို လုံးဝ ခြားနားတဲ့ အဆင့်အတန်း တစ်ခုဆီ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ် ရာသီ ကုန်ဆုံးချိန်မှာ ပပ် ဂွါဒီယိုလာက မန်ချက်စတာစီးတီးမှာ ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်တာ ခရီးလမ်းကို အဆုံးသတ်ကာ လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။
စပိန် လူမျိုး နည်းပြကြီးဟာ သူ့ရဲ့ နောက်ဆုံး ရာသီမှာ သတ္တမမြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးဖို့ မစွမ်းဆောင်နိုင်ခဲ့ပဲ ရာသီပိတ်ပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာတင် အာဆင်နယ် အသင်းထံ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ပြည်တွင်းဖလား နှစ်လုံး ရယူပေးနိုင်ခဲ့တာကြောင့် မန်စီးတီးနဲ့ အတူ အဓိက ဆုဖလား ၁၇ လုံး (တခြားသော ဖလားတွေ ပါရင် စုစုပေါင်း ဆုဖလား အလုံး ၂၀) အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာက မန်စီးတီး နည်းပြ အဖြစ် ပွဲပေါင်း ၅၉၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄၂၃ ပွဲ အထိ အနိုင်ရခဲ့ပြီး နိုင်ပွဲ ရရှိမှုနှုန်း ၇၁ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ ၇၇ ပွဲ သရေကျကာ ၉၃ ပွဲ ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ပွဲက ရာသီပိတ်ပွဲ အဖြစ် အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အကြာက ဂွါဒီယိုလာရဲ့ မန်စီးတီး အစပြုပွဲမှာ ဆန်းဒါးလန်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအချိန်က ဆာဂျီယို အဂွဲရိုးက ပွဲစပြီး ၄ မိနစ်မှာတင် ဂွါဒီယိုလာ ခေတ်ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ၃ မိနစ် အလို မှာတော့ ပြိုင်ဘက် ကစားသမား ပက်ဒီ မက်နဲရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပထမဆုံး နိုင်ပွဲကို ခက်ခဲစွာ ရယူခဲ့ရပါတယ်။
ဂွါဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ ၅၉၃ ပွဲမြောက် နောက်ဆုံး ပွဲစဉ်ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ရပ်တည်နေခဲ့တဲ့ ကလပ် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၅၀ ကနေ ၁၉၆၃ ခုနှစ် အထိ မန်စီးတီးကို ၅၉၂ ပွဲ ကိုင်တွယ်ခဲ့တဲ့ နည်းပြ လက်စ် မက်ဒေါဝေါရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာ လက်ထက် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ရမှတ်များ

၂၀၁၆-၁၇ ပထမဆုံးရာသီမှာ အဆင့် (၃) နေရာနဲ့သာ စတင်နိုင်ခဲ့ပေမယ့်လည်း မကြာခင်မှာတော့ ဂွါဒီယိုလာက မန်စီးတီးကို အင်္ဂလန်မှာ ဘောလုံးသမိုင်းသစ် ရေးထိုးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယမြောက်ရာသီ (၂၀၁၇-၁၈) မှာတော့ မန်စီးတီးက ၃၈ ပွဲမှာ ၃၂ ပွဲအထိ အနိုင်ရခဲ့ပြီး အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ရာသီ အတွင်း ရမှတ် ၁၀၀ ပြည့်အောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈-၁၉ ရာသီ မှာလည်း ၃၂ ပွဲ အထိ ထပ်မံ အနိုင်ရရှိခဲ့ပေမယ့်လည်း သရေနဲ့ ရှုံးပွဲ အချိုးအစား ကွဲပြားမှုကြောင့် ရမှတ် ၁၀၀ ပြည့်ဖို့ ၂ မှတ်အလို (ရမှတ် ၉၈ မှတ်) နဲ့သာ ရာသီသိမ်းခဲ့ရပါတယ်။ ဂွါဒီယိုလာရဲ့ နောက်ဆုံး ဖြတ်သန်းခဲ့တဲ့ နှစ်ရာသီ ကတော့ ပရီးမီးယားလိဂ် ရမှတ် ရရှိမှုမှာ သူ့ရဲ့ ဆယ်စုနှစ် တစ်ခုစာ အတွင်း အဆိုးရွားဆုံး ရာသီတွေတော့ ဖြစ်ခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာ လက်ထက် မန်စီးတီးရဲ့ သွင်းဂိုး မှတ်တမ်းများ
ဂွါဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ သက်တမ်း တစ်လျှောက် မန်စီးတီးက စုစုပေါင်း သွင်းဂိုး ၁,၄၆၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပထမဆုံး ဂိုးကို အဂွဲရိုးက သွင်းယူခဲ့ကာ နောက်ဆုံးဂိုး ကိုတော့ အန်တိုနီယို ဆီမီညိုက သွင်းယူပေးခဲ့ပါတယ်။ ပြန်လည် ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးပေါင်း ကတော့ ၅၅၇ ဂိုး ရှိပြီး မန်စီးတီး ဘက်ကို ပထမဆုံး ဂိုးသွင်းယူခဲ့တဲ့ ပြိုင်ဘက် ကစားသမားက ဆန်းဒါးလန်းက ဂျာမိန်း ဒီဖိုး ဖြစ်ပြီး နောက်ဆုံး ဂိုးသွင်းခဲ့သူ ကတော့ အက်စတွန်ဗီလာက အိုလီ ဝတ်ကင်းစ် ဖြစ်ပါတယ်။
ဆာဂျီယို အဂွဲရိုးဟာ ၂၀၁၇ ခုနှစ်မှာ အဲရစ် ဘရွတ်ခ်ရဲ့ နှစ်ပေါင်း ၇၇ ကြာ တည်ရှိခဲ့တဲ့ စံချိန်ဟောင်းကို ချိုးဖျက်ခဲ့သူ ဖြစ်ပါတယ်။ အာဂျင်တီးနားသားဟာ ဂွါဒီယိုလာ လက်ထက်မှာ မန်စီးတီးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား (စုစုပေါင်း ၂၆၀ ဂိုး) ဖြစ်လာခဲ့ပေမယ့်လည်း နည်းပြကြီးရဲ့ လမ်းညွှန်မှု အောက်မှာ ပျမ်းမျှ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူက အာလင်း ဟာလန်း ဖြစ်ပါတယ်။ သူဟာ ၄ ရာသီ အတွင်းမှာ ၁၆၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာပါ။
ပပ် ဂွါဒီယိုလာ လက်ထက် ဆုဖလား အောင်မြင်မှုများ
ဂွါဒီယိုလာ မရောက်လာခင် မန်စီးတီးက နှစ်ပေါင်း ၁၃၆ နှစ်တာ ကာလအတွင်း ၁၉၃၀ ပြည့်လွန် နှစ်တွေနဲ့ ၁၉၆၀ ပြည့်လွန် နှစ်တွေလို ရွှေရောင်တောက်ခဲ့တဲ့ ကာလတို တချို့ ရှိခဲ့ဖူးပေမယ့်လည်း အင်္ဂလန် ဘောလုံးလောကမှာ အစဉ်အလာ ကြီးမားတဲ့ ထိပ်သီး အသင်းကြီး တစ်သင်း မဟုတ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် အဘူဒါဘီ အုပ်စုက အသင်းကို လွှဲပြောင်းယူပြီး နောက်ပိုင်း ပြောင်းလဲမှုတွေ စတင်ခဲ့ပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာ ဂွါဒီယိုလာ ရောက်ရှိလာပြီး နောက်ပိုင်းမှ မန်စီးတီးရဲ့ အောင်မြင်မှု အရှိန်အဟုန်က အဆမတန် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
မန်စီးတီးက ၁၉၃၆-၃၇ ရာသီ ကနေ ၂၀၁၃-၁၄ ရာသီအထိ နှစ်ပေါင်းများစွာ အတွင်း အမှတ်ပေးချန်ပီယံဆု ၄ ကြိမ်သာ ရရှိခဲ့ဖူးတဲ့ အသင်းပါ။ ဒါပေမယ့် မန်စီးတီးက ဂွါဒီယိုလာ လက်ထက် ၁၀ နှစ်အတွင်း မှာတင် ပရီးမီးယားလိဂ် ဖလား ၆ လုံး အထိ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၆ ခုနှစ် မတိုင်ခင် အထိ မန်စီးတီးက အက်ဖ်အေဖလား ၅ ကြိမ်သာ ရရှိဖူးပြီး၊ ဂွါဒီယိုလာ ကတော့ သူကိုယ်တိုင် အက်ဖ်အေဖလားကို ၃ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ ခရာဘောင်ဖလား ပြိုင်ပွဲ မှာလည်း အရင်က ၄ ကြိမ်သာ ဗိုလ်စွဲဖူးပေမယ့် ဂွါဒီယိုလာက ၅ ကြိမ် အထိ ထပ်မံ ရယူပေးခဲ့ပြီး အသင်းရဲ့ စံချိန်ကို နှစ်ဆကျော် မြင့်တင်ပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ ၁၉၆၉-၇၀ ရာသီက UEFA Cup Winners’ Cup ကို ရရှိခဲ့ဖူးပေမယ့်လည်း ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်ဖူးပါဘူး။ မန်စီးတီး အတွက် ပထမဆုံးသော ချန်ပီယံလိဂ် ဆုဖလား ကိုတော့ ၂၀၂၂-၂၃ ရာသီ မှာတော့ ဂွါဒီယိုလာက ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ၁၀ နှစ် အတွင်း ဥရောပ ချန်ပီယံဆုကို ၁ ကြိမ်သာ ရယူနိုင်ခဲ့တာက သူ့ရဲ့ နည်းပြ သက်တမ်း အတွင်း အဓိက စိတ်ပျက်စရာအချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း အနှစ်ချုပ်ရရင်တော့ မန်ချက်စတာစီးတီးရဲ့ သမိုင်းကြောင်း တစ်ခုလုံးမှာ ဆုဖလား စုစုပေါင်း ၁၈ လုံးသာ ရရှိခဲ့ဖူးပေမယ့်လည်း ပပ် ဂွါဒီယိုလာ ကတော့ ၁၀ နှစ်တာ အတွင်း မှာတင် အသင်း အတွက် ဆုဖလား အလုံး ၂၀ အထိ ရယူပေးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီး ပရိသတ်တွေရော၊ ဂွါဒီယိုလာပါ မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ကြတာ လွန်မယ် မထင်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


