တော့တင်ဟမ်ဟော့စပါး အနေနဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရချိန်မှာ သူ့ရဲ့ အနီးမှာ ရှုံးနိမ့်သူတွေကို မလိုလားကြောင်း ရော်ဘတ်တို ဒီဇာဘီက ပြောကြားခဲ့ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ၁၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ စံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အခုပွဲမှာသာ ထပ်မံ အနိုင်ရခဲ့မယ် ဆိုရင်တော့ ဒီရာသီ အဖွင့်ပွဲစဉ်တွေ ဖြစ်တဲ့ ဘန်လေ (၃-၀)၊ မန်စီးတီး (၂-၀) တို့ကို အနိုင်ယူခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် အဖြစ် ပွဲစဉ် ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကို ရရှိမှာ ဖြစ်ပါတယ်။
ဒီဇာဘီ လက်ထက်မှာ စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သောမတ်စ် ဖရန့်ခ်၊ အီဂေါ တူဒေါတို့ လက်ထက်ထက် ပိုမို ကောင်းမွန်တဲ့ ပွဲစဉ် အလိုက် ပြိုင်ဘက်ကို ဖိအားပေးမှု (၁၂.၇ ကြိမ်) နှင့် နောက်ဆုံး တတိယပိုင်းမှာ ဘောလုံး ပိုင်ဆိုင်မှု ပြန်လည် ရယူနိုင်မှု (၅.၃ ကြိမ်) တို့ကို ပျမ်းမျှ ပြသထားနိုင်ပါတယ်။
တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာရဲ့ အိမ်ကွင်း ဗီလာပါ့ခ်ဆီ သွားရောက် ကစားရမယ့် စပါးဟာ တန်းဆင်းဇုန် ကနေ လွတ်မြောက်ရေး အတွက် ရမှတ် ၂ မှတ် လိုအပ်နေပါတယ်။ ဒါကြောင့် ဒီဇာဘီက နောက်ဆုံး ကျန်ရှိတဲ့ ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲ အတွက် ကစားသမားတွေကို မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့ တိုက်တွန်းထားပါတယ်။
ဒီဇာဘီက “ကျွန်တော် ကြားနေရတာက ‘မဖြစ်နိုင်တော့ဘူး၊ ငါတို့ ငိုနေကြတယ်၊ အားလုံးပဲ၊ ငါတို့ တန်းဆင်းရတော့မယ်’ ဆိုတာမျိုးတွေပါ။ မဟုတ်ဘူးလေ။ အခုထိတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ကွင်းထဲမှာ အသေခံ တိုက်ပွဲဝင်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီဇာဘီက “ဒါဟာ ကျွန်တော်တို့ အတွက် အကောင်းဆုံး အချိန်တော့ မဟုတ်ပါဘူး။ တကယ်ကို ခက်ခဲတဲ့ အချိန်ပါ။ ဒါပေမယ့် ရှုံးနိမ့်သူတွေ ကပဲ ငိုကြွေးတတ်ကြတယ်၊ အဆိုးမြင်တတ်ကြတယ်။ ကျွန်တော့် အနား မှာတော့ ငိုနေတဲ့သူ ဒါမှမဟုတ် ကျွန်တော့် အမြင်နဲ့ ကွဲလွဲပြီး တွေးတောနေသူမျိုးကို မလိုချင်ဘူး။ ကျွန်တော် တို့မှာ ပွဲတွေကို အနိုင်ကစားပြီး တန်းတင် ကျန်ရစ်ဖို့ အရည်အချင်း ရှိပါတယ်။ ဒါကပဲ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။” လို့ ဆိုပါတယ်။
နောက်ဆုံး မှာတော့ “ကျွန်တော် သိတဲ့ နည်းလမ်းကတော့ ကြိုးစား လုပ်ဆောင်ဖို့၊ ကျွန်တော့်ရဲ့ အကောင်းဆုံးကို ပေးဆပ်ဖို့၊ ကျွန်တော့်ရဲ့ ကစားသမားတွေကို ယုံကြည်ဖို့နဲ့ လက်တွေ့ကျဖို့ပါပဲ။ အခုချိန်မှာ လက်တွေ့ကျတဲ့သူတွေ အရမ်းနည်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဒီဇာဘီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာ အသင်း ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၀နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ မှာလည်း နော့တင်ဟမ်ဖောရက်စ် ကိုလည်း တူညီတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း အူနိုင်း အမ်မရီရဲ့ အသင်းက အဆင့် ၆ နေရာက ဘရိုက်တန်ထက် ၈ မှတ် အသာနဲ့ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လမ်းကြောင်း ၂ ခု ပွင့်နေဆဲ ဖြစ်ပါတယ်။
နည်းပြ အူနိုင်း အမ်မရီ ကတော့ စပါးကို အထင်မသေးကြောင်း ပြောကြားခဲ့ပါတယ်။ “ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တိုင်းက အလွန် ခက်ခဲပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေ ရှိသလို နည်းပြကောင်းလည်း ရှိပါတယ်။ ဘရိုက်တန်မှာ ဒီဇာဘီ လုပ်ပြခဲ့တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို စပါးမှာ ကျင့်သုံးဖို့ အချိန်ယူရဦးမှာပါ။ သူ လုပ်နိုင်မယ်လို့ ယုံကြည်ပေမယ့် လက်ရှိမှာတော့ သူတို့က တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ အတွက် သူ့ရဲ့ နည်းစနစ်ပိုင်းထက် အမှတ်ရဖို့က ပိုအရေးကြီးနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလွန်ခက်ခဲတဲ့ ပွဲကို ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ ဗီလာက အိုလီ ဝက်ကင်န်စ်ကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ဂိုးမှာ ၁၀ ဂိုးက ဒီဇင်ဘာလ နောက်ပိုင်းမှ သွင်းယူထားတာ ဖြစ်ပါတယ်။ သူဟာ ဒီဇာဘီ နည်းပြခဲ့တဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၂၃ စက်တင်ဘာမှာ ဟက်ထရစ်လည်း သွင်းယူခဲ့ဖူးပါတယ်။ စပါး ဘက်မှာတော့ ရစ်ချာလီဆင်ကို မျှော်လင့်ထားရမှာ ဖြစ်ပြီး ဘရာဇီးလ်သားက ဒီရာသီမှာ မိနစ် ၉၀ ပျမ်းမျှ ဂိုးပါဝင်ပတ်သက်မှု ၀.၇၂ ရှိထားပါတယ်။
ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာဟာ ဗီလာပါ့ခ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပါး အသင်းဟာ နောက်ဆုံး ၁၀ ပွဲမှာ အက်စတွန်ဗီလာကို ၆ ပွဲ ရှုံးနိမ့်ထားပါတယ်။ နှစ်သင်းစလုံးဟာ နောက်ဆုံး ၂၁ ပွဲ အတွင်း သရေကျတဲ့ ပွဲမရှိခဲ့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


