ညက ကစားခဲ့တဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်က ရှက်တာဒိုးနတ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပထမအကျော့တုန်းက အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ရထားတဲ့ ခရစ္စတယ်ပဲလေ့စ်က ဒုတိယအကျော့မှာ ၂-၁ နဲ့ ထပ်မံ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၅-၂ နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲဆီ အောင်အောင်မြင်မြင် ချီတက်နိုင်ခဲ့ပါတယ်။
ပွဲအစမှာ ပတ်ဒရို ဟင်းနရစ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပဲလေ့စ်တို့ ဦးဆောင်ခွင့် ရခဲ့ပေမယ့် ရှက်တာဒိုးနတ် အတွက် အီဂွီနယ်ဒိုက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း အစမှာပဲ ဆားက ပဲလေ့စ် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် လာမယ့် မေလ ၂၇ ရက်နေ့၊ လိုက်ပ်ဇစ်မှာ ကစားမယ့် ဗိုလ်လုပွဲမှာ လာလီဂါ ကလပ် ရေယို ဗလက်ကာနိုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲအစမှာ ရှက်တာဒိုးနတ် အသင်းက ကာအူအီလီယပ်စ်၊ အီဂွီနယ်ဒို တို့ရဲ့ အခွင့်အရေးတွေနဲ့ အတူ ဖိအားပေးလာခဲ့ပါတယ်။ ပဲလေ့စ်တို့ ပွဲချိန် ၁၀ မိနစ်မှာ မက်တေးတားရဲ့ ခေါင်းတိုက်ချက် ကနေ တစ်ဆင့် ပီနိုက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ပွဲချိန် ၂၅ မိနစ် မှာတော့ အာဒမ် ဝှာတန်ရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ရာ ကနေ တစ်ဆင့် ဒန်နီရယ် မူနော့ဇ်ရဲ့ ဖြတ်တင်ဘောကို ရှက်တာဒိုးနတ် နောက်ခံလူ ပတ်ဒရို ဟင်းနရစ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ပဲလေ့စ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ရှက်တာဒိုးနတ် အတွက် အီဂွီနယ်ဒို က ဟင်းနရစ်ရဲ့ ပေးပို့မှုကို လက်ခံ ရယူပြီး ထောင့်ဖြတ် ကန်ချက်နဲ့ လှလှပပ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း အစ ၇ မိနစ် မှာတော့ တိုင်ရစ် မစ်ချယ်ရဲ့ ဖြတ်တင်ဘောကို အစ္စမိုင်လာ ဆားက တိုင်ထိပြီး ဂိုးထဲဝင်အောင် ပိတ်သွင်းယူခဲ့တာကြောင့် ပဲလေ့စ်တို့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးချိန် မှာတော့ ဆဲလ်ဟတ်စ်ပါ့ခ်ကွင်းကြီး တစ်ခုလုံး အောင်ပွဲခံသံတွေနဲ့ ဆူညံသွားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ အိုလီဗာ ဂလက်စနာ အတွက်လည်း ပဲလေ့စ် နည်းပြ ဘဝ နောက်ဆုံး ခရီးစဉ်ကို ဆုဖလား တစ်လုံးနဲ့ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးကောင်း ရရှိသွားတာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အစ္စမိုင်လာ ဆားဟာ ယူရိုပါကွန့်ဖရင့်လိဂ် နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၆ ဂိုး အထိ ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်တွေမှာ ဆားထက် ပွဲဆက်တိုက် ဂိုးသွင်းနိုင်သူ ဆိုလို့ ၂၀၂၄-၂၀၂၅ ခုနှစ်တုန်းက ဆီဒရစ် ဘာကမ်ဘူ (၆ ပွဲဆက်) တစ်ဦးပဲ ရှိပါတော့တယ်။ ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် နောက်ဆုံး အိမ်ကွင်း ၆ ပွဲမှာ ရှုံးပွဲမရှိသေးပါဘူး (၄ ပွဲ နိုင်၊ ၂ ပွဲ သရေ)။
ဒီပွဲမှာ ရှက်တာဒိုးနတ် အသင်းက ဂိုးကန်သွင်းခွင့် ၁၇ ကြိမ် အထိ ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၀၄ ရှိခဲ့ပါတယ်။ ပဲလေ့စ် အသင်း ကတော့ ကန်သွင်းခွင့် ပိုနည်းခဲ့ပေမယ့် ပိုမိုသေချာတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာကြောင့် မျှော်မှန်းဂိုး (xG) ၁.၃၇ အထိ ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


