ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ခါဗစ်ချာ ခွာဗရတ်စခီလီယာ ကတော့ နောက်ထပ် သမိုင်းသစ် ထပ်မံ ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
လာမယ့် စနေနေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး ပီအက်စ်ဂျီ အနေနဲ့ ချန်ပီယံလိဂ် ဖလားကို ဆက်လက် ထိန်းသိမ်းကာ ချန်ပီယံဆု ကာကွယ်နိုင်လိမ့်မယ်လို့ ခါဗစ်ချာ ခွာဗရတ်စခီလီယာက ယုံကြည်ချက် အပြည့် ရှိနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ၁၉၉၃ ခုနှစ်က စတင်တဲ့ ခေတ်သစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ကာလ အတွင်း ရီးရဲလ်မက်ဒရစ် ပြီးနောက် ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်မယ့် ဒုတိယမြောက် အသင်း ဖြစ်လာဖို့ ရည်မှန်းနေတာပါ။ ဒီပွဲဟာ ပြီးခဲ့တဲ့ရာသီက စလို့ ဒီပြိုင်ပွဲမှာ နှစ်သင်း အကြား စတုတ္ထအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး၊ ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံး မှာတော့ ပီအက်စ်ဂျီ ကပဲ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ကတည်းက ကြည့်မယ် ဆိုရင် ပါရီ ကလပ်ဟာ တခြား ဘယ်ကလပ်ထက်မဆို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အကြိမ်ရေ အများဆုံး ၃ ကြိမ် အထိ တက်လှမ်းနိုင်ခဲ့ပြီး၊ အဲဒီအထဲမှာ စံချိန်တင် အောင်ပွဲခံခွင့်ရခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက နည်းပြ လူးဝစ် အန်နရီကေးဟာ Allianz Arena မှာ အင်တာမီလန်ကို ၅-၀ ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရအောင် ဦီးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက ဒါဟာ ဥရောပဖလား/ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ စံချိန်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲတုန်းက ပီအက်စ်ဂျီ အတွက် စတုတ္ထမြောက်ဂိုးကို ခွာဗရတ်စခီလီယာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး၊ အခုလည်း လီဂူးဝမ်း ထိပ်သီး ကလပ် အတွက် နောက်ထပ် သမိုင်းစာမျက်နှာသစ် ရေးထိုးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားကောင်းတွေ သူ့အသင်းဖော်တွေထဲမှာ အလုံအလောက် ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော် တို့က လက်ရှိ ချန်ပီယံတွေ ဆိုတာ သိပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ အစပိုင်း ကတော့ ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ပွဲစဉ်တွေ အများကြီး ကစားခဲ့ရလို့ ကျွန်တော်တို့ ကောင်းကောင်း အနားမရခဲ့ကြပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ရာသီက ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖို့ ထိုက်တန်ကြောင်း လူတိုင်းကို ထပ်ပြီး သက်သေပြဖို့ လိုနေသေးတယ် ဆိုတဲ့ အချက်ကို အမြန်ဆုံး သုံးသပ် ပြင်ဆင်ခဲ့ရပါတယ်။”

“ပထမတော့ ရုန်းကန်ခဲ့ရပေမယ့် ရာသီဝက်လောက် ရောက်တဲ့အခါ မှာတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တဲ့အရာကို သဘောပေါက်သွားပြီး စည်းလုံးညီညွတ်စွာနဲ့ ဆက်တိုက် အနိုင်ရအောင် ကစားနိုင်ခဲ့လို့ အခုလို ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒါတွေအားလုံးက အလွန် အရေးကြီးပါတယ်၊ ကျွန်တော်တို့က လက်ရှိ ချန်ပီယံတွေ ဖြစ်ပြီး ထပ်ပြီးတော့လည်း ဗိုလ်စွဲနိုင်တယ် ဆိုတာကို နားလည်ထားပါတယ်။ ဒါက တကယ်တော့ ခက်ခဲပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့သာ ကိုယ့်ရဲ့ ကစားဟန်အတိုင်း ကစားပြီး ကွင်းထဲမှာ အစွမ်းကုန် ပေးဆပ်သွားမယ် ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ် ဆိုတာကို နောက်တစ်ကြိမ် ထပ်ပြီး သက်သေပြသွားမှာပါ” လို့ ခွာဗရတ်စခီလီယာက UEFA.com ကို ပြောကြားခဲ့ပါတယ်။
ခွာဗရတ်စခီလီယာဟာ ပီအက်စ်ဂျီတို့ ဗိုလ်လုပွဲ တက်လှမ်းနိုင်မယ့် ခရီးစဉ်တစ်လျှောက်လုံးမှာ အဓိက သော့ချက် ဖြစ်ခဲ့ရုံတင်မကဘဲ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ ပိုမိုခြေစွမ်းပြ တောက်ပလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၅-၂၀၂၆ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ သွင်းဂိုး (၇) ဂိုး၊ ဂိုးဖန်တီးမှု (၃) ကြိမ်နဲ့ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု (၁၀) ကြိမ် အထိ ရှိခဲ့ပြီး တခြား ဘယ်ကစားသမားထက်မဆို အများဆုံး ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဂျော်ဂျီယာ လက်ရွေးစင် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် တစ်ရာသီတည်း အတွင်း ရှုံးထွက်အဆင့် ၇ ပွဲ ဆက်တိုက် ဂိုးသွင်း သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပီအက်စ်ဂျီ သွင်းယူထားတဲ့ သွင်းဂိုး ၄၄ ဂိုး မှာလည်း ခွာဗရတ်စခီလီယာက အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်ရာသီတည်းမှာ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့တာဆိုလို့ ၁၉၉၉-၂၀၀၀ ဘောလုံးရာသီက ဘာစီလိုနာရဲ့ ၄၅ ဂိုး စံချိန်ပဲ ရှိပါတော့တယ်။
လွန်ခဲ့တဲ့ ၁၂ လတုန်းက ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့စဉ်က ပီအက်စ်ဂျီဟာ ဥရောပဘောလုံးလောကမှာ တစ်ရာသီ အတွင်း ဖလား ၃ လုံး (Treble) ရယူနိုင်ခဲ့တဲ့ ၉ သင်း မြောက် အသင်း ဖြစ်လာခဲ့သလို၊ ပြင်သစ် ကလပ်တွေထဲမှာလည်း ပထမဆုံး ဖလား ၃ လုံးရ အသင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ မှာတော့ ပြင်သစ်ဖလားရဲ့ ၃၂ သင်း အဆင့် မှာတင် ပြုတ်သွားခဲ့တာကြောင့် ဖလား ၃ လုံး မျှော်လင့်ချက် ကတော့ လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ အသင်းမှာ အပြောင်းအလဲများစွာ ရှိခဲ့တယ်လို့ ခွာဗရတ်စခီလီယာက ယူဆထားပေမယ့် သူတို့ရဲ့ အနိုင်ရလိုတဲ့ စိတ်ဓာတ် ကတော့ အတူတူပဲလို့ ဆိုပါတယ်။
“ကျွန်တော်တို့ အသင်းမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့တယ်လို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အသင်း တော်တော်များများက ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ ဘယ်လို ကစားခဲ့လဲ ဆိုတာကို သိနေကြပြီလေ။ သူတို့တွေက ကျွန်တော်တို့ရဲ့ ကစားကွက်ဗျူဟာတွေကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြပေမယ့် ကျွန်တော် တို့ဟာ ဘယ်လို ပြိုင်ဘက်နဲ့ပဲဖြစ်ဖြစ် ကောင်းကောင်း ရင်ဆိုင်နိုင်မယ့် နည်းလမ်းမှန်သမျှကို ရှာဖွေနိုင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။”
“ကျွန်တော်တို့ ပြိုင်ဘက်ကို လေးစားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကိုယ့်ပွဲ အပေါ်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပြီး ဒါကလည်း ကျွန်တော်တို့ အမြဲတမ်း ကြိုးစား လုပ်ဆောင်နေကျ အရာပါပဲ။ အားလုံးက အရင်အတိုင်းပါပဲ၊ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ ကောင်းမွန်တဲ့ အလုပ် တစ်ခုကို လုပ်ဆောင်နိုင်ခဲ့သလို၊ ဒီနှစ်မှာလည်း အလားတူ ကောင်းမွန်တဲ့ ရာသီ တစ်ခု ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြလို့ပါပဲ” လို့ ခွာဗရတ်စခီလီယာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


