ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန် ဘောလုံးပြိုင်ပွဲ အဆင့်ဆင့် မှာတော့ ဂိုးသမားတွေနဲ့ ပတ်သတ်ပြီး စည်းမျဉ်းအသစ် စတင် စမ်းသပ် ကျင့်သုံးဖို့ ရှိနေပါတယ်။ ဒါကတော့ ဒဏ်ရာရ ဟန်ဆောင်ပြီး နည်းဗျူဟာမြောက် အချိန်ဖြုန်းတာကို ကာကွယ်ဖို့ အတွက် ဂိုးသမား ဆေးကုသမှုခံယူရင် အသင်းရဲ့ ကွင်းတွင်း ကစားသမား တစ်ဦးကို ခဏတာ ထုတ်ပယ်ရမယ့် စည်းမျဉ်းသစ် ဖြစ်ပါတယ်။
ဘောလုံးဥပဒေ ပြုပြင်ရေး အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အချိန်ဖြုန်းမှုကို နှိမ်နင်းဖို့ စည်းမျဉ်း အမျိုးမျိုး ပြောင်းလဲခဲ့ကြပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား အကြိုမှာ တည်ကန်ဘော၊ ဘောလုံး ပစ်သွင်းမှုနဲ့ လူစားလဲမှုတွေမှာ စက္ကန့် ရေတွက်တဲ့ စည်းမျဉ်းတွေ ပါဝင်ခဲ့ပါတယ်။ အဆိုပါစနစ် အများစု ကိုတော့ လာမယ့် ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီမှာ စတင် ကျင့်သုံးတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် BBC Sport ရဲ့ ဖော်ပြချက်အရ အင်္ဂလန် ကြေးစား ဘောလုံးလောက တစ်ခွင်ဟာ ဂိုးသမားတွေရဲ့ ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲမှုကို တားဆီးဖို့ ပိုမိုပြင်းထန်တဲ့ စည်းမျဉ်းသစ်ကို စမ်းသပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
စည်းမျဉ်းသစ် ဘယ်လို အလုပ်လုပ်သလဲ
ကစားသမားတွေ ဒဏ်ရာရဟန်ဆောင်၊ ကွင်းထဲမှာ ဆေးကုသမှုခံယူရင်း ပွဲအဟုန်ကို ဖြတ်တောက်ပြီးမှ ရုတ်တရက် ပြန်ကောင်းသွားတတ်တဲ့ အလေ့အထကို တားဆီးဖို့ ကွင်းပြင်ပမှာ ၆၀ စက္ကန့် စောင့်ဆိုင်းရမယ့် စည်းမျဉ်းကို သာမန် ကစားသမားတွေ အတွက် စတင်ခဲ့ပေမယ့် ဂိုးသမားတွေ ကတော့ ဒီစည်းမျဉ်း ကနေ ကင်းလွတ်ခွင့် ရရှိခဲ့တာပါ။ အခုအခါမှာတော့ အဲဒီ ဟာကွက်ကို ပိတ်ပင်လိုက်ပါပြီ။
စည်းမျဉ်းသစ်အရ ဒိုင်လူကြီးက ဂိုးသမားကို ဆေးကုသဖို့ ဆေးအဖွဲ့ကို ကွင်းအတွင်း ခေါ်ယူလိုက်တာနဲ့ အဆိုပါ အသင်းရဲ့ နည်းပြမှာ ၁၀ စက္ကန့် အချိန်ရပါမယ်။ နည်းပြက ပွဲပြန်စပြီးနောက် ၁ မိနစ် (စက္ကန့် ၆၀) ကြာ ကွင်းပြင် ထွက်ပေးရမယ့် တခြား ကစားသမား တစ်ဦးကို စတုတ္ထဒိုင်ထံ ရွေးချယ်ပေးရမှာပါ။ အချိန်မီ မရွေးချယ်နိုင်ခဲ့ရင်တော့ အသင်းခေါင်းဆောင်က ကွင်းပြင် ထွက်ပေးရမှာ ဖြစ်ပါတယ်။
ဂိုးသမား ကိုယ်တိုင်က အသင်းခေါင်းဆောင် ဖြစ်နေပါက ပွဲမစမီ ဒိုင်လူကြီးနဲ့ ပြောဆိုဖို့ လျာထားခြင်း ခံရတဲ့ ကစားသမားက ထွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဂိုးသမား ဒဏ်ရာရဟန်ဆောင်ပြီး နည်းပြတွေ အကွက်ချ စကားပြောခွင့် ရအောင် အချိန်ဆွဲတဲ့ နည်းဗျူဟာဟာ ကိုဗစ် အပြီး ပိုမို ခေတ်စားလာခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက လိဒ်စ်ယူနိုက်တက် နည်းပြ ဒန်နီယယ် ဖာကီက မန်စီးတီး ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားရဲ့ ပြုမူပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
ကင်းလွတ်ခွင့် ရရှိမယ့် ကိစ္စရပ်တွေ ကတော့ ဂိုးသမားက ဆေးကုသမှု မယူဖို့ ဆေးအဖွဲ့ကို ငြင်းဆန်ခဲ့ရင်၊ ပွဲမရပ်နားမီ ဂိုးသမား ပြစ်ဒဏ်ဘော ကျူးလွန်ခံခဲ့ရရင်၊ ပြစ်ဒဏ်ဘော မဟုတ်ပေမယ့်လည်း ဂိုးသမားနဲ့ တခြား ကစားသမား တစ်ဦးတို့ ထိခိုက်မိ တိုက်ခိုက်မိရင်၊ ဂိုးသမားဆီက သိသာစွာ သွေးထွက်နေရင်၊ ပြင်းထန် ဒဏ်ရာ (လူစားလဲဖို့ လိုအပ်တဲ့ ဒဏ်ရာ) သို့မဟုတ် ခေါင်းထိခိုက်မှု ဖြစ်ပွားရင် စတဲ့ အခြေအနေတွေ မှာတော့ ကွင်းတွင်း ကစားသမားကို ထုတ်ပယ်ခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။
ဘယ်အချိန်မှာ စတင်ကျင့်သုံးမလဲ
လက်ရှိ မှာတော့ ဘောလုံးဥပဒေဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ IFAB (International Football Association Board) ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး အတည်ပြုချက် ရရှိတော့ ဩဂုတ် ၁ ရက်မှာ ကစားမယ့် ခရာဘောင်ဖလား ပဏာမအဆင့် ထရန်မီယာ ရိုဗာစ်နဲ့ ရော့ခ်ဒေးလ် ပွဲစဉ်မှာ စတင် ကျင့်သုံးမှာ ဖြစ်ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ် ပထမဆုံး ပွဲစဉ် ဖြစ်တဲ့ ဩဂုတ် ၂၁ ရက်မှာ ကစားမယ့် အာဆင်နယ်နဲ့ တန်းတက် ကိုဗင်ထရီစီးတီး တို့ရဲ့ ရာသီ အဖွင့် ပွဲစဉ်မှာ ကျင်သုံးမယ်လို့ သိရပါတယ်။
ဘယ်လိဂ်ပြိုင်ပွဲတွေ ပါဝင်မလဲ
ဒီစည်းမျဉ်းကို အင်္ဂလန် ပရီးမီးယားလိဂ် အပြင် အမျိုးသမီး စူပါလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးနဲ့ နေရှင်နယ်လိဂ်မှာ ကျင့်သုံးသွားမှာပါ။ ဒါ့အပြင် ဩစတြေးလျ ထိပ်တန်းလိဂ် ဖြစ်တဲ့ အေလိဂ် ကလည်း ဒီစည်းမျဉ်း စမ်းသပ်မှုကို ပါဝင် ကျင့်သုံးမှာ ဖြစ်ပေမယ့်လည်း အေလိဂ် မှာတော့ နည်းပြကို ရွေးချယ်ခွင့်မပေးဘဲ အသင်းခေါင်းဆောင် ကိုသာ တိုက်ရိုက် ခေတ္တ ထုတ်ပယ်မှာ ဖြစ်ပါတယ်။
လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူး ၁ နဲ့ ချန်ပီယံလိဂ် တို့မှာတော့ ဒီစည်းမျဉ်းကို စမ်းသပ် ကျင့်သုံးဖို့ မရှိသေးပါဘူး။ ဒီစည်းမျဉ်းသစ်ဟာ နည်းဗျူဟာပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ အများကြီး ရှိလာနိုင်ပေမယ့် ဂိုးသမားတွေ အနေနဲ့ သတိထားလာကြမှာ ဖြစ်လို့ ကစားသမား တစ်ဦး ထုတ်ပယ်ခံရတဲ့ ဖြစ်စဉ်တွေ ကိုတော့ ခပ်စိပ်စိပ် မြင်တွေ့ရဖွယ် မရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီက ဂိုးသမား ဘောလုံးကို ၈ စက္ကန့်ထက် ပိုကိုင်ထားရင် ထောင့်ကန်ဘော ပေးရမယ့် စည်းမျဉ်းတုန်း ကလည်း ဘန်လေ ဂိုးသမား မာတင် ဒူဘရက်ဗ်ကာ တစ်ဦးသာ ရာသီ အဖွင့်ပွဲမှာ ပြစ်ဒဏ်ပေးခံခဲ့ရပြီး နောက်ပိုင်းမှာ တခြား အသင်းတွေ သတိထားသွားခဲ့ကြတာမျိုး ရှိလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


