ဂျာမနီ အသင်း ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား မှာ ချန်ပီယံဆု အတွက် အလေးအနက်ထား သတိပြုရမယ့် အသင်း အဖြစ် သတ်မှတ်ရပါလိမ့်မယ်။ တဖက်မှာလည်း ကိုင် ဟာဗက်ဇ်က ပွဲကြီး ပွဲကောင်းတွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ရှိတဲ့ (Big-game player) ကစားသမား တစ်ဦးပြီး ဂျာမနီ အတွက် အားကိုးရမယ့် တိုက်စစ်မှူး တစ်ဦး ဆိုရင်လည်း မမှားပါဘူး။
ဘူဒါပက်စ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်က ပဲရစ်စိန့်ဂျာမိန်းကို ရှုံးနိမ့်ခဲ့ရပေမယ့်လည်း၊ ဟာဗက်ဇ် ကတော့ မာရီယို မန်ဇူကစ်၊ ခရစ္စတီယာနို ရိုနယ်ဒိုတို့ နောက်ပိုင်း မတူညီတဲ့ ကလပ် အသင်း နှစ်သင်း အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီလို ပွဲကြီးပွဲကောင်း စိန်ခေါ်မှုတွေက ဟာဗက်ဇ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို နှိုးဆွပေးလေ့ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါဟာ ဂျာမနီ နည်းပြ ဟူလီယန် နေဂဲလ်စ်မန်း အတွက် သတင်းကောင်းပါပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလား ၄ ကြိမ် ရဖူးတဲ့ ဂျာမနီ အသင်းဟာ ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဖလား မှာတော့ ရေပန်းစားတဲ့ အသင်း စာရင်းရဲ့ အပြင်ဘက်မှာ ရောက်နေလို့ပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်စလုံးမှာ အုပ်စုအဆင့် ကနေ စောစောစီးစီး ထွက်ခဲ့ရတာကြောင့် ဒီနွေရာသီမှာ ဂျာမနီတို့ အဝေးကြီးအထိ ချီတက်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်မှု အားနည်းနေကြပါတယ်။
ဒါပေမယ့် သူတို့မှာ ကစားသမားကောင်း တစ်ယောက် ရှိနေပါတယ်။ အမြဲတမ်း ထိုက်တန်တဲ့ အသိအမှတ်ပြုမှု အပြည့်အဝ မရရှိတတ်ပေမယ့် ဟာဗက်ဇ်ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အရည်အချင်း အရှိဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦးပါ။ ပိုပြီး ထူးခြားတာက ဟာဗက်ဇ်ဟာ ဒီနွေရာသီ ဂျာမနီ အသင်း အတွက် အရေးအကြီးဆုံး အချိန်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသဖို့ အဆင်သင့် ဖြစ်နေပုံ ရပြီး၊ ပြိုင်ပွဲ တစ်ခုလုံးကို အလှည့်အပြောင်း ဖြစ်စေမယ့် အဓိက ဇာတ်ဆောင် တစ်ဦး ဖြစ်လာနိုင်ပါတယ်။
ဒဏ်ရာ ပြဿနာမှသည် လန်းဆန်းနေသော ကမ္ဘာ့ဖလား အင်အားစုဆီသို့
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီက ဟာဗက်ဇ် အတွက်တော့ စိတ်ပျက်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ရာသီအဖွင့် ပွဲစဉ်မှာတင် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့လို့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ နေရာစုံ ကစားနိုင်တဲ့ အကောင်းဆုံး တိုက်စစ်မှူးကို လပေါင်းများစွာ လက်လွှတ်ခဲ့ရပါတယ်။ ဇန်နဝါရီလကျမှသာ ဟာဗက်ဇ် တစ်ယောက် ပုံမှန် ပြန်ကစားနိုင်ခဲ့တာပါ။
ဒါပေမယ့် ပြန်လာနိုင်ခဲ့တဲ့နောက် မှာတော့ ဟာဗက်ဇ်ဟာ အသင်း အတွက် တကယ့်ကို အပြောင်းအလဲတွေ ဖန်တီးပေးခဲ့ပါတယ်။ အထူးသဖြင့် ရာသီကုန်ခါနီး နောက်ဆုံးပတ်တွေ ဖြစ်တဲ့ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ် တို့နဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ဖလားလုပွဲ အတွက် အဆုံးအဖြတ် လိုအပ်နေချိန်မှာ အဖိုးတန်ဂိုးတွေနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။
တခြားကစားသမား အများစုက ကလပ် အသင်း ရာသီ ပွဲစဉ်တွေကြောင့် ပင်ပန်းနွမ်းနယ်ပြီး ကမ္ဘာ့ဖလားကို ရောက်လာကြချိန်မှာ ဟာဗက်ဇ် ကတော့ တကယ့်ကို လန်းဆန်း တက်ကြွနေမှာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မိနစ် ၅၈၄ သာ ကစားခဲ့ရပြီး ချန်ပီယံလိဂ် မှာလည်း ၂ ပွဲပဲ ပွဲထွက်ခဲ့ရပါတယ်။ ဒါဟာ တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပေမယ့် အခုလို ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မှာတော့ ဟာဗက်ဇ် အတွက် ပိုပြီး အားသာချက် ဖြစ်သွားစေပါတယ်။
လက်ရှိ ဂျာမနီ အသင်းရဲ့ အထောင် တိုက်စစ်မှူး နေရာနဲ့ ပတ်သက်ပြီး ဘယ်သူပွဲထွက်သင့်လဲ ဆိုတာ အငြင်းပွားစရာတွေ ရှိနေဆဲပါ။ နစ်ခ် ဝေါ်တီမာဒါက တိုက်စစ်ရဲ့ အဓိက ဦးဆောင်သူ အဖြစ် ကစားနိုင်သလို၊ ဒင်းနစ် အန်ဒက်ဗ် ကလည်း စတုဂတ် အသင်း အတွက် ဘွန်ဒက်စ်လီဂါ ပွဲ ၃၀ မှာ ၁၉ ဂိုး အထိ သွင်းယူထားကာ ခြေစွမ်းပြနေပါတယ်။
အသင်းတွင်း ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဟာဗက်ဇ်က “ကျွန်တော်တို့ တိုက်စစ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဒါက နည်းပြ အတွက် ခေါင်းခဲစရာ ကောင်းပေမယ့် ကောင်းတဲ့ ကိစ္စပါ။ အသင်းမှာ ကစားသမားကောင်းတွေ နည်းတာထက် များတာက ပိုကောင်းပါတယ်။ ကစားပုံစံတွေ မတူကြဘူး။ ကျွန်တော် တို့မှာ ကစားသမားအားလုံး လိုအပ်ပြီး နေရာစုံ ကစားနိုင်တဲ့သူတွေ အများကြီး ရှိပါတယ်” လို့ ဖြေကြားထားပါတယ်။
နေဂဲလ်စ်မန်းရဲ့ ဂျာမနီနဲ့ နောက်ကွယ်က အင်အားစုများ
နည်းပြ နေဂဲလ်စ်မန်းရဲ့ လက်ထက်မှာ ဂျာမနီ အသင်းဟာ ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ယူရို ၂၀၂၄ မှာ လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့သလို ရှိပေမယ့်လည်း ပထမဆုံးတွေ့တဲ့ ထိပ်တန်း ပြိုင်ဘက် စပိန် အသင်း ကိုပဲ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာပါ။ ဒါကြောင့် ၂ နှစ် အကြာ ယခုအချိန်မှာလည်း နေဂဲလ်စ်မန်းရဲ့ အသင်းက ဘယ်လောက် အထိ အဆင့်ရှိလဲဆိုတာ ခန့်မှန်းရ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကို လျှော့တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ ဂျာမနီ အသင်းမှာ အရင်ကလို သမိုင်းဝင် ကမ္ဘာ့ဖလား ရခဲ့တဲ့ အသင်းတွေလောက် စူပါစတားတွေ မရှိပေမယ့် နေရာစုံမှာ ထိပ်တန်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပါတယ်။ ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံကြီးတွေထက် ပိုကောင်းတဲ့ လူစာရင်းမျိုး မဟုတ်ရင်တောင် လက်ရှိ ပြိုင်ပွဲ မှာတော့ သူတို့ရဲ့ လူစာရင်းက တော်တော့်ကို တောင့်တင်းပါတယ်။
ဂိုးသမားနဲ့ ခံစစ်စုဖွဲ့မှု
မာနူရယ် နော်ယာက နိုင်ငံတကာပွဲတွေ ကနေ အနားယူနေရာ ကနေ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ပြန်လာခဲ့ပါပြီ။ သူ့ရှေ့မှာတော့ အန်တိုနီယို ရူဒီဂါ၊ နီကို ရှလော့တ်တာဘက်ခ်နဲ့ ဂျိုနသန် တာ့ရ် တို့လို ဝါရင့်နောက်ခံလူတွေ ရှိနေတာကြောင့် ခံစစ်ပိုင်းက ကျောက်ဆောင်လို ခိုင်မာနေမှာပါ။
ကွင်းလယ်နဲ့ ဖန်တီးမှု
ကွင်းလယ်ဗဟိုမှာ အလက်ဇန္တား ပက်ဗလိုဗစ်နဲ့ ဖီးလစ် အန်မီချာ တို့က ခံစစ် အတွက် လုံခြုံမှုပေးမှာ ဖြစ်ပြီး၊ ဂျော်ရွှာ ကင်မစ်ချ်က ညာနောက်ခံလူနေရာ ကနေ ကွင်းလယ်ထဲ အထိ ဝင်ရောက်ပြီး ဘောလုံးစီးဆင်းမှုကို ထိန်းကျောင်းပေးမှာပါ။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာ ဂျမဲလ် မူစီအာလာနဲ့ ဖလိုရီယန် ဗစ်ဇ် တို့ရဲ့ ဖန်တီးမှု စွမ်းရည်တွေက ကမ္ဘာ့ဖလား နည်းပြတိုင်း မက်မောရမယ့် အခွင့်အရေးမျိုး ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ ဟာဗက်ဇ် သက်သေပြနိုင်မလား

ဒီလို ကောင်းမွန်တဲ့ အသိုင်းအဝန်း ရှိနေလို့ ဟာဗက်ဇ် အနေနဲ့ ဂျာမနီအသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကျိုးသက်ရောက်မှု အပြည့်အဝ ဖန်တီးနိုင်မှာပါ။ ဟာဗက်ဇ်ကို ထိပ်တန်း နံပါတ် ၉ စစ်စစ်အဖြစ် လူတွေက မသတ်မှတ်ကြပေမယ့် ပြိုင်ဘက် ဧရိယာ ပတ်ဝန်းကျင်မှာ နေရာလွတ် ရှာဖွေနိုင်စွမ်းနဲ့ သူရဲ့ လှုပ်ရှားမှုတွေကိုတော့ လျှော့တွက်လို့ မရပါဘူး။
သူရဲ့ ဝေဟင် အင်အားနဲ့ ကွက်လပ်တွေထဲကို အရှိန်နဲ့ ကြားဖြတ် ပြေးဝင်နိုင်တဲ့ စွမ်းရည်တွေ ကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်စလုံးမှာ သက်သေပြခဲ့ပြီးသားပါ။ အကယ်၍ ဂျာမနီအသင်းက ဟာဗက်ဇ်ဆီကို ပြိုင်ဘက် ခံစစ်ကြောင်းတွေရဲ့ နောက်ကွယ်ကနေ ဘောလုံးကောင်းကောင်း ပေးပို့ပံ့ပိုးပေးနိုင်မယ် ဆိုရင် ဒီအာဆင်နယ် တိုက်စစ်မှူးဟာ တန်ပြန် တိုက်စစ်တွေမှာ တော်တော်လေး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။
ပရီးမီးယားလိဂ် ချန်ပီယံ အပြင် ဥရောပချန်ပီယံလည်း ဖြစ်ဖူးတဲ့ ကစားသမား တစ်ဦး အတွက် ဟာဗက်ဇ်ဟာ အခုထိ ထိုက်တန်တဲ့ ချီးကျူးမှုတွေကို မရရှိသေးပါဘူး။ အဲဒီအမြင်တွေကို ပြောင်းလဲပစ်ဖို့ အတွက် အခု ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးက အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး၊ ဂျာမနီရဲ့ ဘက်စုံ တော်တဲ့ တိုက်စစ်မှူး ကိုင် ဟာဗက်ဇ် တစ်ယောက် ဒီနွေရာသီ ပြိုင်ပွဲရဲ့ အတောက်ပဆုံး စူပါစတား တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်စရာ အကြောင်းရင်းတွေ အပြည့် ရှိနေကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


