အမေရိကန် လက်ရွေးစင် အသင်း (USMNT) ရဲ့ ဂန္ထဝင် တိုက်စစ်မှူး ကလင့် ဒမ့်ပ်ဆေးက နည်းပြ မော်ရူစီယို ပိုချက်တီနိုရဲ့ ပွဲထွက် ကစားကွက် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား စတင်ဖို့ ၁၀ ပတ်ကျော်သာ လိုတော့တဲ့ အချိန်မှာ အမေရိကန် အသင်း နည်းပြ ပိုချက်တီနိုဟာ လူစာရင်းနဲ့ ကစားကွက်တွေကို အသည်းအသန် စမ်းသပ်နေရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကမ္ဘာ့အဆင့် ၅ ရှိတဲ့ ပေါ်တူဂီကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပိုချက်တီနို အသုံးပြုခဲ့တဲ့ ကစားကွက် အပေါ် အမေရိကန် ဂန္ထဝင်ကစားသမား ဒမ့်ပ်ဆေးက စိတ်ပျက်လက်ပျက် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင်တော့ အမေရိကန်ဟာ ကမ္ဘာ့ဖလား မတိုင်ခင် ပြင်ဆင်မှုတွေမှာ အားရစရာ လုံးဝ မရှိသေးတာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက အောင်မြင်ခဲ့တဲ့ နောက်တန်း ၃ ယောက်တန်း ကစားကွက်ကို အသုံးမပြုဘဲ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ထူးခြားချက်က အသင်းရဲ့ အဓိက ကြယ်ပွင့် ခရစ္စတီယန် ပူလီဆစ်ကို သူနဲ့ မရင်းနှီးတဲ့ “ False Nine” နေရာမှာ ထားကစားခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ နေရာဟာ တိုက်စစ် အစွန်မှာ ကစားလေ့ ရှိတဲ့ ပူလီဆစ်ခ်ကို ကွင်းလယ် အထိ ဆင်းပြီး ဘောလုံး ပေးပို့မှုတွေ လုပ်ဆောင်စေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အသင်းရဲ့ ပုံမှန်တိုက်စစ်မှူးစစ်စစ်တွေ ဖြစ်တဲ့ ဖိုလာရင် ဘယ်လိုဂန်၊ ရီကာဒို ပက်ပီနဲ့ ပက်ထရစ် အာဂျီမန်း တို့ဟာ ပွဲထွက်လူစာရင်းမှာ နေရာမရဘဲ ဖြစ်ခဲ့ရပါတယ်။
ဒီအခြေအနေ အပေါ် ဒမ့်ပ်ဆေးက အခုလိုပဲ ဝေဖန်သုံးသပ်ခဲ့ပါတယ်။ “ကျွန်တော်သာ အဲဒီတိုက်စစ်မှူးတွေ ထဲက တစ်ယောက် ဆိုရင် တော်တော်လေး ဒေါသထွက်မိမှာပဲ။ သူတို့တွေဟာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြနေကြတာ ဖြစ်သလို၊ လက်ရွေးစင်အသင်း အတွက်လည်း စွမ်းဆောင်ပေးဖို့ အားခဲနေကြတာပါ။” လို့ ဒမ့်ပ်ဆေးက ဆိုပါတယ်။
ဒမ့်ပ်ဆေးဟာ အမေရိကန် လက်ရွေးစင် အသင်း အတွက် ၅၇ ဂိုးနဲ့ ဂန္ထဝင် လန်ဒန် ဒိုနိုဗန်နဲ့ အတူ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ပူးတွဲ စံချိန်တင်ထားသူ ဖြစ်ပါတယ်။ ပိုချက်တီနိုက ပူလီဆစ်ကို အဲဒီနေရာမှာ ထားတာဟာ ခံစစ် တာဝန် လျှော့ချပေးပြီး တိုက်စစ် အတွက် အားအင် ပိုစိုက်နိုင်အောင်လို့လား၊ ဒါမှမဟုတ် ပူလီဆစ်ခ်က ခံစစ်မှာ ကူမပေးနိုင်လို့လား ဆိုတာကို ဒမ့်ပ်ဆေးက မေးခွန်းထုတ်ခဲ့ပါတယ်။
နည်းပြ ပိုချက်တီနိုကတော့ ပူလီဆစ်ကို အဲဒီနေရာမှာ ထားကစားရခြင်းက ဂိုးသွင်းနိုင်ဖို့ ကူညီပေးချင်လို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် ကြယ်ပွင့် ပူလီဆစ်ခ်က ဒီပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ပြိုင်ပွဲစုံ ၁၅ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့သလို၊ အမေရိကန် လက်ရွေးစင် အသင်း အတွက်လည်း ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း ဂိုးမသွင်းနိုင်သေးတာ ၈ ပွဲ ရှိသွားပြီ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အာဂျီမန်း ဝင်ရောက် ကစားခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့တာကြောင့် “အခွင့်အရေးရချိန်မှာ သက်သေပြဖို့ လိုပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး” လို့ ဒမ့်ပ်ဆေးက ပွဲအခြေအနေကို သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန် လက်ရွေးစင် အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါရာဂွေး၊ ဩစတြေးလျ၊ တူရကီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဒီမတိုင်ခင်မှာတော့ အမေရိကန်က ဆီနီဂေါ၊ ဂျာမနီ တို့နဲ့ ခြေစမ်းပွဲတွေ ကစားရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား အမှီ ပိုချက်တီနို အနေနဲ့ အသင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


