ကီဗင် ဒီဘရွန်းနား ကတော့ လာမယ့် ကမ္ဘာ့ဖလား အပြီးမှာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ကနေ အနားယူဖို့ အစီအစဉ် မရှိသေးကြောင်း ပြောကြားလိုက်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ကီဗင် ဒီဘရွန်းနား အနေနဲ့ အသက် ၃၅ နှစ် အရွယ် ရှိနေမှာ ဖြစ်ပေမယ့် ဒါဟာ သူ့ရဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ မယူဆထားကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။
ကီဗင် ဒီဘရွန်းနား အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားဟာ ဘယ်လ်ဂျီယံ အသင်း အတွက် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားပဲ ကြံ့ခိုင်မှု ကောင်းမွန်နေသရွေ့ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ဆက်လက် ကစားပေးသွားမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။ ဒီဘရွန်းနားဟာ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် အခုနှစ်မှာ စတုတ္ထအကြိမ်မြောက် အဖြစ် ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ ၂၀၁၄ မှာ ကွာတားဖိုင်နယ်၊ ၂၀၁၈ မှာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ၂၀၂၂ မှာတော့ အုပ်စုအဆင့်နဲ့ပဲ ထွက်ခွာခဲ့ရသလို၊ ယူရို ၂၀၂၄ မှာလည်း ၁၆ သင်း အဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလား မှာတော့ ဘယ်လ်ဂျီယံဟာ အုပ်စု (G) မှာ အီဂျစ်၊ အီရန်၊ နယူးဇီလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
နည်းပြ ရူဒီ ဂါစီယာရဲ့ အသင်းဟာ လာမယ့် ရက်ပိုင်း အတွင်းမှာ အိမ်ရှင်နိုင်ငံတွေနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး စနေနေ့မှာ အမေရိကန်၊ အင်္ဂါနေ့မှာ မက္ကဆီကို အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၅ လနီးပါး အနားယူနေခဲ့ရတဲ့ ပေါင်ခြံ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် အသင်းမှာ ပြန်လည် ပါဝင်လာတဲ့ နာပိုလီရဲ့ ကွင်းလယ် ဖန်တီးရှင်က သူ့ရဲ့ နိုင်ငံတကာ ကစားသမား ဘဝ အနာဂတ်ဟာ ကြံ့ခိုင်မှု အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။

“ကမ္ဘာ့ဖလား ပြီးရင် အနားယူ ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အခြေအနေ ကောင်းနေသရွေ့တော့ ဆက်ကစားသွားချင်ပါတယ်။ အခုဆိုရင် အသင်းနဲ့ အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနိုင်တာ ၄ ပတ် ရှိပါပြီ။ ပိုပြီး ကြံ့ခိုင်လာဖို့နဲ့ ပွဲကစားချိန် ပိုရဖို့က အရေးကြီးပါတယ်။ အခုသွားနေတဲ့ အခြေအနေ အပေါ် ကျွန်တော် ကျေနပ်မိပါတယ်။ ခြေစမ်းပွဲတွေမှာ မိနစ် ၉၀ အပြည့် နှစ်ပွဲဆက် ကစားဖြစ်မယ်တော့ မထင်ဘူး။ အဲဒီလို ကစားဖို့လည်း မလိုပါဘူး။ ရှေ့မှာ အရေးကြီးတဲ့ ပွဲစဉ်တွေ အများကြီး ရှိသေးတော့ ပွဲကစားအား ပြန်ရဖို့က ပိုအရေးကြီးပါတယ်။” လို့ ဒီဘရွန်းနားက ဆိုပါတယ်။
ဒါပေမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဟာ ဒီဘရွန်းနားရဲ့ ကလပ် အသင်းဖော် ရိုမယ်လူ လူကာကူ ကိုတော့ လာမယ့် ခြေစမ်းပွဲတွေမှာ အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တဲ့ လူကာကူဟာ နောက်ကျော ဒဏ်ရာကြောင့် ဒီရာသီ နာပိုလီ အတွက် စုစုပေါင်း ၆၄ မိနစ်သာ ကစားပေးထားနိုင်ပါသေးတယ်။
လူကာကူ အနေနဲ့ ကမ္ဘာ့ဖလား အမှီ ပြန်ကောင်းလာဖို့ ကြိုးစားနေရချိန်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ မတူညီတဲ့ အမြင်တွေကြောင့် ကုသမှုမှာ အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ဒီဘရွန်းနားက ထောက်ပြခဲ့ပါတယ်။ “နာပိုလီမှာက အမြဲတမ်း ဆူညံသံတွေ များပါတယ်။ တစ်ခုခုဖြစ်ရင် အကြီးအကျယ် ချဲ့ကားခံရတာမျိုးပေါ့။ အထဲမှာ ဘာတွေ တိတိကျကျ ဖြစ်နေလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ရိုမယ်လူ အတွက်တော့ အခြေအနေက မကောင်းပါဘူး။ သူ့ဒဏ်ရာက တော်တော်ကြာနေပြီ။ သူ အမြန်ဆုံး ပြန်လာနိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။”
“ကျွန်တော်နဲ့ ရိုမယ်လူက ဒဏ်ရာကုသတဲ့ လမ်းကြောင်းချင်း မတူကြဘူး။ ကျွန်တော် ကတော့ ပြန်လည် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို အပြည့်အဝ လုပ်ခဲ့တယ်။ ရိုမယ်လူ ကတော့ အန့်တ်ဝပ်မှာ တစ်ဝက်၊ နာပိုလီမှာ တစ်ဝက် လုပ်ခဲ့တာပါ။ ကုသမှု ပုံစံ နှစ်မျိုး ကွဲပြားနေတဲ့အခါ အလုပ်လုပ်ရတာ ခက်ခဲပါတယ်။ ဒါဟာ ကြံ့ခိုင်မှု ပြန်ရဖို့ ကြိုးစားနေချိန်မှာ အကောင်းဆုံး အခြေအနေတော့ မဟုတ်ဘူး။” လို့ ဒီဘရွန်းနားက ရှင်းပြခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


