Miami Stadium ထဲမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု (H) ရဲ့ အဖွင့်ပွဲစဉ် မှာတော့ တောင်အမေရိက အင်အားကြီး ဥရုဂွေးဟာ ဆော်ဒီအာရေဗျကို အသည်းအသန် နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် အုပ်စု (H) က ၄ သင်းစလုံးဟာ ပထမပွဲ အပြီးမှာ ရမှတ် ၁ မှတ်စီနဲ့ အဆင့်တူ သွားကြပြီ ဖြစ်လို့ နောက်ပွဲတွေ ကတော့ ပိုပြီးကြည့်ကောင်းတော့မှာပါ။
ပွဲစစချင်း မှာတော့ နည်းပြ ဘီယဲလ်ဆာရဲ့ ဥရုဂွေးအသင်း ကပဲ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဆော်ဒီ ဂိုးသမား မိုဟာမက် အယ်လ် အိုဝိုက်စ်ကို စတင် စမ်းသပ်ခဲ့ပါတယ်။ မက်ဆီ အာရူဟိုရဲ့ ပြင်းထန်တဲ့ ကန်ချက်ကို အိုဝိုက်စ် ပုတ်ထုတ်ခဲ့ရသလို၊ အဲဒီကနေရတဲ့ ထောင့်ကန်ဘောက တစ်ဆင့် ဖီဒီရီကို ဗီညာ့စ်ရဲ့ ခေါင်းတိုက်ချက်လည်း လွဲခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဥရုဂွေး အသင်းဟာ ပထမပိုင်း မိနစ် ၃၅ အတွင်း ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဆော်ဒီတို့ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် ဂိုးမရခဲ့ပါဘူး။
ပထမပိုင်း ပြီးခါနီးမှာတော့ ဆော်ဒီတို့ Rythum ပြန်မှန်လာခဲ့ပြီး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ ဆော်ဒီ နောက်ခံလူ အဗ္ဗဒူလေလာ အယ်လ် အမ်မရီရဲ့ ကန်ချက်ကို ဥရုဂွေး ဂိုးသမား ဖာနန်ဒို မွတ်စလဲရာက ကာကွယ်နိုင်ခဲ့ပေမယ့် မိနစ်ပိုင်း အကြာ မှာတော့ ဆော်ဒီတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ မိုဟာမက် ကန်နိုရဲ့ ခေါင်းတိုက်ချက် မွတ်စလဲရာ ပုတ်ထုတ်လိုက်ရာက ထွက်လာတဲ့ ဘောလုံးကို အယ်လ် အမ်မရီကပဲ အမြန်ဆုံး ပြေးပိတ်ပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာ ဆော်ဒီတို့ ၁-ဂိုး ၀-ဂိုးနဲ့ အံ့ဩဖွယ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စတော့ ဥရုဂွေးတို့ ချေပဂိုးရဖို့ တဟုန်ထိုး တိုက်စစ်ဆင်ပါတော့တယ်။ ကွင်းလယ်လူ မာနူရယ် အူဂါတေးရဲ့ အဝေးကန်ချက်ကို ဆော်ဒီ ဂိုးသမား အိုဝိုက်စ်က လက်ဖျားနဲ့ ပုတ်ထုတ်ခဲ့လို့ ဘောလုံးတိုင်ထိထွက်ခဲ့ရပြီး ဥရုဂွေးတို့ ရင်ကွဲမတတ် ခံစားခဲ့ရပါသေးတယ်။ ဒါပေမယ့် ဥရုဂွေးတို့ ဇွဲမလျှော့ဘဲ ဆက်တိုက် ဖိကစားရာကနေ ပွဲချိန် မိနစ် ၈၀ မှာတော့ မျှော်လင့်ချက် အတိုင်း ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဗီညာ့စ်ရဲ့ ခေါင်းတိုက်ချက်ကို ဆော်ဒီဂိုးသမား အိုဝိုက်စ် ပုတ်ထုတ်လိုက်ပေမယ့် ထွက်လာတဲ့ ဘောလုံးကို အာရူဟိုက ဒေါင့်ကျဉ်းလေးထဲကနေ ဂိုးပေါက်ရဲ့ အနီးဆုံးတိုင်ထဲကို အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အချိန်ပိုမှာ ဥရုဂွေး လူစားဝင် ကစားသမား နီကိုးလပ်စ် ဒီလာခရုဇ်နဲ့ စူပါစတား ဖက်ဒီရီကို ဗယ်လ်ဗာဒီ တို့က အနိုင်ဂိုးရဖို့ အပိုင်အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ဆော်ဒီ ဂိုးသမား အိုဝိုက်စ် ကပဲ အစွမ်းကုန် လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။

ဒီပွဲမှာ ဥရုဂွေးရဲ့ ချေပဂိုးဟာ ဒုတိယပိုင်း အတွင်း သူတို့ရဲ့ ၁၂ ကြိမ်မြောက် ဂိုးကန်သွင်းမှု ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက ဆော်ဒီအာရေဗျ အသင်းဟာ ဒုတိယပိုင်း တစ်ခုလုံးမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရရှိခဲ့ပါဘူး။ ပွဲတစ်ခုလုံးရဲ့ မျှော်မှန်းဂိုး (xG) တွက်ချက်မှုအရလည်း ဥရုဂွေးက ကန်သွင်းခွင့် ၂၈ ကြိမ်ကနေ ၁.၅၉ (xG) အထိ ရှိခဲ့ပြီး၊ ဆော်ဒီ ကတော့ ကန်သွင်းခွင့် ၇ ကြိမ်ပဲ ရခဲ့ပြီး ၀.၉၉ xG ရှိခဲ့တာမို့ ဥရုဂွေးတို့ ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ ပြောရမှာပါ။
ဒီပွဲရဲ့ ကယ်တင်ရှင် အာရူဟိုဟာ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဆီနီဂေါနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဂန္ထဝင် တိုက်စစ်မှူး ဒီယေဂို ဖော်လန် ပြီးရင် ဥရုဂွေး အသင်း အတွက် ကမ္ဘာ့ဖလား ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဥရုဂွေးရဲ့ နောက်ဆုံး အဓိက ပြိုင်ပွဲကြီး နှစ်ခု (ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလား) မှာ ၄ ဂိုးအထိ တိုက်ရိုက် ပါဝင် ပတ်သက်ပေးထားနိုင်ခဲ့လို့ အသင်းရဲ့ အားထားရတဲ့ ကြယ်ပွင့် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
တစ်ဖက် မှာလည်း ဆော်ဒီအာရေဗျ အသင်း ကတော့ ဒုတိယပိုင်းမှာ အပြင်းအထန် ဖိအားပေးခံခဲ့ရတာမို့ အခုရတဲ့ သရေတစ်မှတ်ကို ဝမ်းသာအားရ လက်ခံမှာ သေချာပါတယ်။
အထူးသဖြင့် ဆော်ဒီ ဂိုးသမား အိုဝိုက်စ်ဟာ ဥရုဂွေး တို့ရဲ့ သေချာပေါက် ဂိုးဝင်မယ့် ကန်ချက် ၉ ကြိမ် အထိကို အံ့မခန်း လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ အသင်း အတွက် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ ဆော်ဒီတို့ အနေနဲ့ နောက်ပွဲတွေ ဖြစ်တဲ့ စပိန် ဒါမှမဟုတ် ကိပ်ဗာဒီတို့ ထဲက တစ်သင်းသင်းကို နိုင်ရုံနဲ့တင် နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး အများကြီးရှိသွားပါပြီ။ ဆော်ဒီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၆ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အထဲမှာ ၁၉၉၄ အမေရိကန် တုန်းကပဲ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


