စကော့တလန် အသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ရှစ်ကြိမ် အထိ ပါဝင်ယှဉ်ပြိုင်ဖူးသော်လည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း လုံးဝမရှိသေးပေ။ စကော့တလန် အသင်းသည် အံ့အားသင့်ဖွယ်ရာ ခြေစွမ်းဖြင့် မြောက်အမေရိကမြေတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲဆီသို့ ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းတို့သည် ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (C) ၏ နောက်ဆုံး ပွဲစဉ်တွင် ဒိန်းမတ် အသင်းကို ပွဲပြီးခါနီး အချိန်ပို သွင်းဂိုးများဖြင့် အသည်းယားဖွယ် အနိုင်ယူကာ ကမ္ဘာ့ဖလား ဝင်ခွင့်ကို အပိုင်ချုပ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါပွဲတွင် ကီရန် တီယာနေး၏ ပြင်းထန်လှသော ကန်ချက် သွင်းဂိုးနှင့် အတူ ကွင်းလယ် တစ်ဝက်လောက်မှ ကန်သွင်းယူခဲ့သည့် ကန်နီ မက်ကလင်း၏ ရဲရဲဝံဝံ သွင်းဂိုးတို့ဖြင့် အချိန်ပိုတွင် နှစ်ဂိုးသွင်းကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခုအခါ နည်းပြ စတိဗ် ကလတ်ခ်၏ အသင်းသည် သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ရှစ်ကြိမ် တက်ဖူးသော်လည်း တစ်ကြိမ်မှ မလုပ်ဆောင်နိုင်ခဲ့ဖူးသည့် “ အုပ်စုအဆင့် ကျော်ဖြတ်ရေး” ဆိုသည့် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော်လည်း ငါးကြိမ်တိုင်တိုင် ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ဘရာဇီးလ်၊ ၂၀၂၅ အာဖရိကဖလား ချန်ပီယံ မော်ရိုကို၊ ဟေတီတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသဖြင့် အုပ်စုတက်ရန်မှာ လွယ်ကူလှသည့် အလုပ်တော့မဟုတ်ပေ။
ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး
- ခြေစစ်ပွဲမှတ်တမ်း – ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၁ ပွဲသရေ
- ရဂိုး – ၁၃ ဂိုး၊ ပေးဂိုး – ၇ ဂိုး
- ဂိုးသွင်းအများဆုံး – ချီ အဒမ်စ်၊ စကော့ မက်တော်မီနေး၊ ရိုင်ယန် ခရစ္စတီး (၂ ဂိုးစီ)
- ဂိုးဖန်တီးမှု အများဆုံး – အန်ဒီ ရောဘတ်ဆန် (၂ ကြိမ်)
စကော့တလန်၏ ခြေစစ် ပွဲခရီးစဉ်သည် ၃ ပွဲနိုင်၊ ၁ ပွဲသရေဖြင့် ချောမွေ့နေခဲ့သော်လည်း ပွဲစဉ် (၅) တွင် ဂရိ အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသဖြင့် အခြေအနေ အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးပွဲတွင် ကမ္ဘာ့ဖလား တိုက်ရိုက် ဝင်ခွင့်ရရန် အတွက် ဒိန်းမတ်နှင့်ပွဲတွင် အနည်းဆုံး မရှုံးအောင် ကစားရမည့် အခြေအနေဖြစ်ခဲ့ပြီး၊ ဟမ်ပဒင်ပတ်ခ်ကွင်း၌ ဒိန်းမတ်ကို ၄-၂ ဂိုးဖြင့် အကြိတ်အနယ် အနိုင်ယူကာ အံ့ဩဖွယ် စွမ်းဆောင်နိုင်ခဲ့သည်။
နည်းပြ ကလတ်ခ်၏ အသင်းသည် ပြိုင်ဘက်ကို အပြတ်အသတ် ဖိကစားနိုင်ခြင်းမျိုး မရှိခဲ့သော်လည်း ပန်းတိုင် ရောက်အောင် လိုအပ်သလောက် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းတို့၏ အဓိက အားသာချက်မှာ ကစားသမားများ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် “ ဘယ်တော့မှ အရှုံးမပေးတတ်သည့် စိတ်ဓာတ်” တို့ဖြစ်ပြီး ဤအရည်အချင်းများသည် ယခုနွေရာသီ ပြိုင်ပွဲကြီးတွင် အသင်းအတွက် အများကြီး အထောက်အကူပြုနိုင်ပါသည်။
နည်းပြချုပ် စတိဗ် ကလတ်ခ်
ကလတ်ခ်သည် စကော့တလန် အသင်းကို ယူရို ၂၀၂၀၊ ယူရို ၂၀၂၄ နှင့် ယခု ၂၀၂၆ ကမ္ဘာ့ဖလားအထိ အဓိကပြိုင်ပွဲကြီး သုံးခု ဆက်တိုက် ပို့ဆောင်ပေးနိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပထမဆုံးသော နည်းပြ ဖြစ်သည်။ ထို့အပြင် ၂၀၂၂-၂၃ ရာသီတုန်းကလည်း နေးရှင်းလိဂ် (B) တွင် ဗိုလ်စွဲအောင် စွမ်းဆောင်ပေးကာ အဆင့်မြင့်တန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
အောင်မြင်မှုများ ရရှိခဲ့သော်လည်း ကလတ်ခ်သည် ပရိသတ်အားလုံး၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသူတော့ မဟုတ်ပေ။ ၎င်းသည် မိမိယုံကြည် စိတ်ချရသည့် အမာခံ ကစားသမား အများစု ကိုသာ အမြဲရွေးချယ်တတ်ပြီး စည်းကမ်းရှိမှု၊ အသင်းအဖွဲ့လိုက် စုစည်းမှုနှင့် စိတ်ဓာတ်ပိုင်း တို့ကိုသာ အလေးထားတတ်သည်။ ချဲလ်ဆီး အသင်းတွင် ဟိုဆေး မော်ရင်ညို၏ လက်အောက်၌ ပညာသင်ကြားခဲ့သူပီပီ လှပဆန်းသစ်သည့် နည်းဗျူဟာသမား တစ်ဦး မဟုတ်သော်လည်း၊ ၎င်းအတွက်ရော အသင်းအတွက်ပါ အရာရာကို ပေးဆပ်ကစားမည့် အသင်းတစ်သင်းကို မည်သို့တည်ဆောက်ရမည်ဆိုသည် ကိုတော့ ကောင်းကောင်း နားလည်သူ ဖြစ်သည်။
စကော့တလန် အသင်းရဲ့ ကစားကွက်နဲ့ စတိုင်
- နှစ်သက်သည့် ကစားကွက် – ၄-၂-၃-၁
- ကစားဟန် – တိုက်ရိုက်ကစားဟန်နှင့် ရုန်းကန်အားကောင်းသော ကစားဟန် (Direct and Physical)
- အဓိက အားသာချက် – ဂိုးသွင်းနိုင်စွမ်းရှိသည့် ကွင်းလယ်လူများ၊ မြန်နှုန်းမြင့် တောင်ပံကစားသမားများနှင့် နောက်ခံလူများ။
- အဓိက အားနည်းချက် – အသက်အရွယ်ရလာသည့် ဗဟိုနောက်ခံလူများနှင့် ဂိုးသမားများ၊ ထိပ်တန်းအဆင့် တိုက်စစ်မှူး မရှိခြင်း။
ကလတ်ခ်၏ စကော့တလန်သည် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ စိတ်ရှည်လက်ရှည် ပေးပို့ကစားတတ်သည့် အသင်းမျိုး မဟုတ်ဘဲ ကျစ်ကျစ်လျစ်လျစ်၊ စည်းကမ်းရှိရှိနှင့် လက်တွေ့ဆန်သော ကစားဟန်ကို အခြေခံထားသည်။ ကွင်းလယ်ပိုင်းသည် ခံစစ်တန်းနှင့် နီးကပ်စွာတည်ရှိပြီး နေရာလွတ်များကို ပိတ်ဆို့ကာ Second balls များရရှိရန် ပြင်းပြင်းထန်ထန် လုယူတတ်ကြသည်။
တိုက်စစ်ဆင်ရန် အခွင့်အရေးရပါက ဘေးတောင်ပံ နောက်ခံလူများ အပေါ်ထိ တက်ပြီး အန္တရာယ်ရှိသော ဖြတ်တင်ဘောများ ပေးပို့လေ့ရှိကာ ကွင်းလယ်လူများက နောက်ကျမှ ပြေးဝင်ပြီး ဂိုးသွင်းယူတတ်ကြသည်။ ၎င်းတို့သည် ခွန်အားစိုက်ထုတ်ရပြီး ရုန်းရင်းဆန်ခတ်ဖြစ်သည့် ပွဲမျိုးတွင် ပြိုင်ဘက်ကို ကောင်းစွာ ဒုက္ခပေးနိုင်သည်။ ပြစ်ဒဏ်ဘောနှင့် ထောင့်ကန်ဘောများသည်လည်း ၎င်းတို့၏ အားသာချက် ဖြစ်သည်။
ဒါပေမယ့်လည်း နည်းစနစ်ပိုင်း ကောင်းမွန်ပြီး ကွင်းလယ်ကို ဖြတ်ကျော်ကာ တက်လာသည့် တောင်ပံနောက်ခံလူများ၏ အနောက်ဘက် နေရာလွတ်ကို အသုံးချနိုင်မည့် ပြိုင်ဘက်မျိုးနှင့် ဆုံပါက ဒုက္ခရောက်နိုင်ပြီး၊ ၎င်းအချက်ကို ဘရာဇီးလ်နှင့် မော်ရိုကိုတို့က အသုံးချရန် ကြိုးစားလာပါလိမ့်မည်။
စောင့်ကြည့်ရမယ့် ကစားသမားများ
အဓိက အဆုံးအဖြတ်ပေးနိုင်သူ – စကော့တ် မက်တော်မီနေး

မန်ချက်စတာ ယူနိုက်တက်တွင် ခံစစ် ကွင်းလယ်လူ အဖြစ် ကစားခဲ့ဖူးသည့် မက်တော်မီနေးသည် နာပိုလီ အသင်းတွင်မူ ထိပ်တန်းအဆင့် ကွင်းလယ် ဖန်တီးရှင်နှင့် ဂိုးသွင်းအဆုံးသတ်နိုင်သူ အဖြစ် ပြောင်းလဲ ပွဲထွက်လာခဲ့သည်။ ၎င်း၏ အချိန်ကိုက် တိုက်စစ်ဆင်မှုများသည် ပြိုင်ဘက်ကို မွှေနှောက်နိုင်စွမ်းရှိပြီး အသင်း အသက်ရှူကျပ်နေချိန်များတွင် အမြဲတမ်း ဂိုးသွင်းယူပေးတတ်သည့် အလေ့အထရှိသည်။
စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဘန် ဂန်နွန်-ဒိုအက်ခ်
အသက် ၂၀ အရွယ်သာ ရှိသေးသော်လည်း လျှပ်စီးလို မြန်ဆန်ပြီး တွန့်ဆုတ်မှုမရှိဘဲ ရဲရဲဝံဝံ တိုးအားကောင်းသည့် ကစားသမား ဖြစ်သည်။ ရှေးရိုးစွဲ တောင်ပံ ကစားသမားစစ်စစ် ဖြစ်သဖြင့် ပြိုင်ဘက် နောက်ခံလူများ သတိထားရမည့် ကစားသမားမျိုး ဖြစ်သည်။ အထူးသဖြင့် ပွဲနှောင်းပိုင်း ပြိုင်ဘက် နောက်ခံလူများ ပင်ပန်းနေချိန်တွင် လူစားဝင် ကစားသမား အဖြစ် ထိရောက်စွာ အသုံးချနိုင်မည့်သူ ဖြစ်သည်။
စကော့တလန်ရဲ့ ခန့်မှန်းလူစာရင်း
အန်ဂတ်စ် ဂန်းသည် အသင်း၏ အဓိက ဂိုးသမား အဖြစ် ပါဝင်မည်ဖြစ်ပြီး၊ ဝါရင့် နောက်ခံလူ ဂရန့် ဟန်လီက ဗဟိုခံစစ်ကို ဦးဆောင်ကာ အသင်းခေါင်းဆောင် အန်ဒီ ရောဘတ်ဆန်က ဘယ်နောက်ခံလူ အဖြစ် သေချာပေါက် ပွဲထွက်လာမည် ဖြစ်သည်။
ကွင်းလယ်တွင် မက်တော်မီနေး၊ ဂျွန် မက်ဂင်းန်နှင့် ရိုင်ယန် ခရစ္စတီးတို့က အဓိက ကစားသမားများ အဖြစ် ပါဝင်မည်ဖြစ်သည်။ မက်တော်မီနေးက ကွင်းလယ် အထိုင်တွင် ကစားပြီး မက်ဂင်းန်က အမှတ် (၁၀) နေရာ၊ ခရစ္စတီးက တောင်ပံတွင် ကစားနိုင်သော်လည်း ပွဲအတွင်း ၎င်းတို့ ၃ ဦးသည် နေရာ အပြန်အလှန် လဲလှယ်ကာ ပါဝင်ကစားလေ့ ရှိကြသည်။
လက်ရှိ ခြေစွမ်း
ကမ္ဘာ့ဖလား အတွက် စကော့တလန်၏ ပြင်ဆင်မှုမှာ အားရစရာမရှိဘဲ စိတ်ပျက်စရာ ကောင်းနေသည်။ ခြေစစ်ပွဲ အောင်မြင်ပြီး နောက်ပိုင်း ခြေစမ်းပွဲ ၂ ပွဲသာ ကစားခဲ့ရပြီး ဂျပန် အသင်းကို ကော၊ အိုင်ဗရီကို့စ် အသင်းကိုပါ ရှုံးနိမ့်ခဲ့ရသည်။ မြောက်အမေရိကမြေတွင် ပိုမိုတောင့်တင်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ဤခြေစွမ်းမှာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်။
အသင်း အပေါ် ခန့်မှန်းချက်များ
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် စကော့တလန် တစ်နိုင်ငံလုံးတွင် အသင်း အပေါ် မျှော်လင့်ချက်များ ကြီးမားနေပြီး ယခုတစ်ကြိမ်တွင် ထူးခြားသည့် စွမ်းဆောင်ရည် တစ်ခု ပြုလုပ်နိုင်လိမ့်မည်ဟု ပရိသတ်များက ယုံကြည်နေကြသည်။ သို့သော်လည်း ၎င်းတို့၏ သမိုင်းကြောင်း၊ ပြိုင်ဘက်များ၏ အခြေအနေနှင့် လက်ရှိရလဒ်များအရ အလွန်အကျွံ အကောင်းမြင်နေခြင်းထက် သတိကြီးကြီးထားပြီး စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


