အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် အတွက် ပြန်လည် ကစားပေးနိုင်နေပြီ ဖြစ်ပေမယ့်လည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုနာလီ အနေနဲ့ စီးရီးအေမှာ ပြန်ကစားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုနာလီရဲ့ အေးဂျင့် ဖြစ်သူက သူ့ရဲ့ ကစားသမား အနေနဲ့ စီးရီးအေမှာ ပြန်ကစားဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေက ကောလာဟလတွေသာ ဖြစ်ကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။
တိုနာလီရဲ့ အေးဂျင့် ဖြစ်သူက “ဆန်ဒရို (တိုနာလီ)ရဲ့ ဆုံးဖြတ်ချက်က ရှင်းလင်းပါတယ်။ စီးရီးအေမှာ ပြန်ကစားဖို့ သူမစဉ်းစားပါဘူး။ နယူးကာဆယ်မှာ ကစားရတာ ကိုရော၊ ကမ္ဘာ့အကောင်းဆုံး လိဂ်မှာ ကစားနေရတာ ကိုရော သူ ပျော်ရွှင်နေပါတယ်။ သူက နယူးကာဆယ် ပရိသတ်တွေ သဘောကျတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုနာလီက ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ စီးရီးအေ ကလပ် အေစီမီလန် ကနေ နယူးကာဆယ်ဆီ ယူရို သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ တိုနာလီက နယူးကာဆယ်ကို ရောက်ကာစမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း လောင်းကစား ကိစ္စကြောင့် ၁၀ လကြာ ဘောလုံး ကစားခြင်း ကနေ ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီနောက် ဘောလုံး ပြန်ကစားခွင့်ရချိန် မှာတော့ တိုနာလီ အနေနဲ့ အရင်လို ခြေစွမ်းမျိုး ပြန်လည် ရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုနာလီ အနေနဲ့ စီးရီးအေကို ပြန်လည် ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေကြောင်းနဲ့ အသင်းဟောင်း အေစီမီလန်က သူ့ကို ပြန်လည် ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အီတလီ ကလပ် ဘရက်ရှား အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ ဆန်ဒရို တိုနာလီ ကတော့ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၀ ခုနှစ် အထိ ကစားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ် အထိ အေစီမီလန်မှာ ပြောင်းရွှေ့ကစားခဲ့ပြီးတော့ ပွဲပေါင်း ၁၃၀ ကစားပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ မှာတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ တိုနာလီ အနေနဲ့ နယူးကာဆယ် မှာတော့ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေပေမယ့် ပြိုင်ပွဲစုံမှာ ၂၇ ပွဲသာ ကစားထားပြီးတော့ ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲ ကစားပြီးချိန် အထိ ၅ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပြီးတော့ ရမှတ် ၂၀ နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.