ပရီးမီးယားလိဂ် စတင် တည်ထောင်ခဲ့ချိန်ကနေ စလို့ ယနေ့ခေတ် အထိ “ခံစစ်ကစားခြင်း အနုပညာ” ဟာ သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်။ အရင်က နောက်ခံလူကောင်း တစ်ဦး ဟုတ်မဟုတ်ဆိုတာ ပြိုင်ဘက် တိုက်စစ်မှူးကို တားဆီးနိုင်စွမ်းနဲ့ ဂိုးဧရိယာ အတွင်းက အန္တရာယ်တွေကို ရှင်းထုတ်နိုင်စွမ်း အပေါ်မှာပဲ မူတည်ပြီး အဆုံးအဖြတ်ပေးခဲ့ကြတာပါ။
ဒါပေမယ့် ဒီနေ့ခေတ် ဗဟိုနောက်ခံလူတွေနဲ့ ခံစစ် အစွန်လူတွေ ကတော့ ဒီထက်မက ပိုလုပ်ပြနိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ နောက်တန်း ကနေ တိုက်စစ်ဆင်မှုတွေ စတင်ပေးတာ၊ ကွင်းလယ်နဲ့ ချိတ်ဆက် ကစားတာ၊ တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်တာနဲ့ အသင်းရဲ့ နည်းဗျူဟာပိုင်း တည်ဆောက်မှုမှာ ပါဝင် ကူညီတာ စတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားရပါတယ်။
ဒီလို ခံစစ်ကစားဟန် ပြောင်းလဲလာမှုတွေ အပေါ် အခြေခံပြီး Sports Illustrated က ပရီးမီးယားလိဂ် သမိုင်းတလျှောက် ခံစစ်အနုပညာကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့တဲ့ ကစားသမား ၅ ဦးကို အဆင့်သတ်မှတ်ခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ လွှမ်းမိုးနိုင်ခဲ့သူတွေ၊ ခေတ်သစ် ခံစစ် ပုံစံကို လမ်းဖောက်ပေးခဲ့သူတွေနဲ့ ယနေ့ခေတ်ထက် ကြိုတင်ပြီး ထူးခြားတဲ့ ကစားဟန် ပိုင်ဆိုင်ထားသူတွေကို အပေါ် ခြုံငုံပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
၅။ ဗင်းဆင့် ကွန်ပနီ
၂၀၀၈ ခုနှစ်မှာ ဟမ်းဘတ် ကနေ မန်ချက်စတာစီးတီးကို ကွန်ပနီ ရောက်လာတုန်းက သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ အဓိက ကတော့ အစပိုင်းမှာ သူ့ကို ကွင်းလယ်လူ အဖြစ်သာ အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်း အစစ်အမှန်တွေဟာ ဗဟိုနောက်ခံလူ အဖြစ် အမြဲတမ်း ပြောင်းလဲကစားချိန်မှာမှ ပေါ်လွင်လာခဲ့တာပါ။ ကွန်ပနီဟာ သဘာဝက ပေးတဲ့ ခေါင်းဆောင်မှု အရည်အချင်း၊ ထက်မြက်တဲ့ အားကစားသမား စိတ်ဓာတ်နဲ့ ကြံ့ခိုင်မှုတွေကို တည်ငြိမ်တဲ့ ဘောလုံးထိန်းချုပ်မှုတွေနဲ့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ သူဟာ ခံစစ်ကို ကွပ်ကဲရုံတင်မကဘဲ ရှေ့တန်း အထိ တက်ကစားရာ မှာလည်း အလွန် ကျွမ်းကျင်သူပါ။ အသင်းခေါင်းဆောင် တစ်ဦး အနေနဲ့ မန်စီးတီးကို ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
၄။ အက်ရှ်လေ ကိုးလ်
အင်္ဂလန် ကစားသမားတွေဟာ သူတို့ ကစားတဲ့ နေရာမှာ “ သမိုင်းတစ်လျှောက် အကောင်းဆုံး” စာရင်းထဲ ပါဝင်ဖို့ ခဲယဉ်းလေ့ ရှိပေမဲ့ အက်ရှ်လေ ကိုးလ် ကတော့ ချွင်းချက်ပါ။ အာဆင်နယ်နဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ဖြစ်တဲ့ ကိုးလ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေ အဖြစ် သတ်မှတ်ထားတဲ့ ရော်ဘတ်တို ကားလို့စ်၊ ပေါလ်လို မာလ်ဒီနီ တို့နဲ့ အတူ အမြဲတမ်း တန်းတူ နှိုင်းယှဉ် ခံခဲ့ရသူ ဖြစ်ပါတယ်။ ကိုးလ်ဟာ ခံစစ်ကစားရာ မှာရော၊ တိုက်စစ်လိုက်ပါရာ မှာပါ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်ပါတယ်။ ခံစစ်ပိုင်းမှာ တောင့်တင်းလွန်းတာကြောင့် ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် ထိပ်တန်း တောင်ပံကစားသမားတွေက သူ့ကို “ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်” အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း အမြန်နှုန်း၊ အိုင်ကျူနဲ့ တိုက်စစ်ပိုင်း အရည်အသွေးတွေကြောင့် အသင်းအတွက် အားထားရတဲ့ နောက်ခံလူ ဖြစ်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။
၃။ ရီယို ဖာဒီနန်
ရီယို ဖာဒီနန်ဟာ ရှုထောင့်ပေါင်းစုံက ကြည့်ရင် သူ့ခေတ်သူ့အခါထက် ခေတ်ရှေ့ပြေးတဲ့ ကစားသမား တစ်ယောက် အဖြစ် သတ်မှတ်လို့ ရပါတယ်။ တခြား နောက်ခံလူတွေက ဘောလုံးကို ရှင်းထုတ်ဖို့နဲ့ အဝေးကန်ထုတ်ဖို့ပဲ အာရုံစိုက်နေချိန်မှာ ဖာဒီနန် ကတော့ နောက်တန်း ကနေ တိုက်စစ်ကို စနစ်တကျ တည်ဆောက်ပေးနိုင်တဲ့ နောက်ခံလူအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီနေ့ ခေတ်စားနေတဲ့ Back to Back ကစားဟန် (နောက်တန်း ကနေ ဘောလုံး စတင်ဖြန့်ဝေခြင်း) ကို ဖာဒီနန်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တည်တည်ငြိမ်ငြိမ် လုပ်ပြနိုင်ခဲ့တာပါ။ အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ ၁၅ နှစ်တာ ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက်မှာ အသိဉာဏ် မြင့်မားမှု၊ နေရာယူမှု ကောင်းမွန်မှုတွေနဲ့ အတူ အဆင့်အတန်း မြင့်မားတဲ့ ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး အသင်း (PFA Team of the Year) မှာလည်း ၆ ကြိမ် အထိ ရွေးချယ်ခံခဲ့ရသူပါ။
၂။ ဗာဂျယ် ဗန်ဒိုက်ခ်
၂၀၁၈ ခုနှစ်မှာ ဗန်ဒိုက်ခ် ရောက်ရှိလာခြင်းဟာ လစ်ဗာပူးလ်ကို “ဒုတိယနေရာနဲ့ပဲ ကျေနပ်နေရသူတွေ” ဘဝ ကနေ ပရီးမီးယားလိဂ် ချန်ပီယံတွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့ အဓိက အလှည့်အပြောင်း ဖြစ်ပါတယ်။ ဒတ်ခ်ျ လူမျိုး ဗဟိုနောက်ခံလူ ဗန်ဒိုက်ခ်ဟာ “ Rolls Royce” ကားတစ်စီးလို အဆင့်အတန်း မြင့်မားသူပါ။ ပြိုင်ဘက်တွေကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်ပြီး ကွင်းထဲမှာ ပင်ပန်းနွမ်းနယ်မှု မရှိဘဲ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ရာသီ မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး နောက်ခံလူ တစ်ဦး အနေနဲ့ ၁၄ နှစ်တာ အတွင်း ပထမဆုံးအကြိမ် အဖြစ် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဗန်ဒိုက်ခ်သာ နောက်ထပ် ဖလားတွေ ဆက်လက် ဆွတ်ခူးနိုင်ဦးမယ် ဆိုရင် သူ ကစားသမားဘဝက အနားယူချိန်မှာ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး နောက်ခံလူ အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ ရှိနေပါတယ်။
၁။ ဂျွန် တယ်ရီ
ဂျွန်တယ်ရီဟာ အင်္ဂလန် ဘောလုံးလောကရဲ့ ရှားပါးသွားပြီ ဖြစ်တဲ့ “ခေတ်ဟောင်း ခံစစ်မျိုးရိုး” ရဲ့ နောက်ဆုံး မျိုးဆက်လို့ ပြောလို့ ရပါတယ်။ ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်းဟာ သတ္တိနဲ့ ပေးဆပ်မှုကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူပါ။ ဘောလုံးကို ဖျက်ထုတ်ဖို့ အတွက် သူ့ခန္ဓာကိုယ် (ဦးခေါင်း အပါအဝင်) ကို အသုံးချပြီး ပိတ်ဆို့ဖို့ ဝန်မလေးခဲ့သလို၊ ပွဲပြီးဆုံးတဲ့ အထိ ဒဏ်ရာ ဒဏ်ချက်တွေကို အမှုမထားဘဲ တိုက်ပွဲဝင်တတ်သူပါ။ ဒါပေမယ့် တယ်ရီဟာ သတ္တိရှိတဲ့ နောက်ခံလူ တစ်ယောက်ထက် ပိုပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်က အလံမှာ ရေးထိုးထားသလိုပဲ သူဟာ ခေါင်းဆောင်၊ လမ်းပြသူနဲ့ ဂန္ထဝင် တစ်ဦး ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ရရှိအောင် ဦးဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ဆိုတဲ့ ခံစစ်ကြောင်းတွေကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


