မန်ချက်စတာစီးတီး ကတော့ ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် တစ်ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အက်တီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းကို အာဆင်နယ်တို့ အနိုင်ရရှိသွားခဲ့တာကြောင့် ဂန်းနားတို့ ချန်ပီယံဆုနဲ့ အလွန် နီးစပ်သွားပြီလို့ ထင်ရပေမယ့်၊ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲရဲ့ ဖိအား ကတော့ ပြောင်းလဲသွားခြင်း မရှိဘူးလို့ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်စတေဒီယံမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၈၃ မိနစ်မှာ လီအန်ဒရို ထရော့ဆက်ဒ် သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသော ဂိုးက မီခဲလ် အာတေးတားရဲ့ အသင်း အတွက် အဖိုးတန် ၃ မှတ်ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ကျန် ပွဲစဉ်တွေ အဖြစ် တန်းဆင်းသွားခဲ့ပြီ ဖြစ်တဲ့ ဘန်လေနဲ့ အိမ်ကွင်း ပွဲစဉ်၊ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲ တက်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်း ပွဲစဉ် စတဲ့ ပွဲစဉ် ၂ ပွဲလုံးကို အနိုင်ရရှိရုံနဲ့ နှစ်ပေါင်း ၂၂ နှစ် အတွင်း သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်စီးတီးဟာ အာဆင်နယ်ရဲ့ နောက် ၅ မှတ် အကွာမှာ ရှိနေပြီး ဗုဒ္ဓဟူးနေ့မှာ ပဲလေ့စ် အသင်းနဲ့ လက်ကျန်ပွဲစဉ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်သလို၊ စနေနေ့ မှာလည်း ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပါတယ်။
Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ ဂွါဒီယိုလာရဲ့ မန်စီးတီး အနေနဲ့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေဟာ ၁၁.၃ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒါကြောင့် သူတို့ အနေနဲ့ ရာသီသိမ်း ပွဲစဉ်တွေကို အမှားအယွင်းမရှိ အနိုင်ကစားရမယ့် အပြင် အာဆင်နယ် ခြေချော်မှု ကိုပါ မျှော်လင့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဒါပေမဲ့ ချန်ပီယံလုပွဲရဲ့ ဖိအားတွေ ဘယ်လိုပြောင်းလဲသွားလဲလို့ မေးမြန်းရာ မှာတော့ ဂွါဒီယိုလာက “လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကလိုပါပဲ။ အားလုံးက အတူတူပါပဲ။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ခရစ္စတယ်ပဲလေ့စ် အသင်း အပေါ်မှာပဲ ရှိပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ ကိုပဲ စဉ်းစားနေပြီး၊ နည်းပြဘဝ ဖြတ်သန်းမှု တစ်လျှောက် ကနေ အမြဲတမ်း သင်ခန်းစာယူပါတယ်။ ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာတွေနဲ့ ဒီရာသီမှာ ကိုယ်ပိုပြီး ကောင်းအောင် မလုပ်နိုင်ခဲ့တဲ့ အရာတွေ အပေါ်မှာပဲ အာရုံစိုက်ပါတယ်။ ကျွန်တော်တို့ အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။” လို့ ဆိုပါတယ်။
ဝက်စ်ဟမ်းနဲ့ အာဆင်နယ် ပွဲစဉ်ရဲ့ နာကျင် အချိန်ပိုမှာ ဝက်စ်ဟမ်းက ကော်လမ် ဝီလ်ဆင် သွင်းယူခဲ့တဲ့ ချေပဂိုးကို ဒိုင်လူကြီး ခရစ် ကာဗာနာက ၄ မိနစ်ကြာ VAR ပြန်လည် ကြည့်ရှုပြီးနောက် ပက်ဘလိုက ဂိုးသမား ဒါးဗစ် ရာယာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် အပေါ် ဂွါဒီယိုလာကို မေးမြန်းခဲ့ရာ မှာတော့ အခုလို တုံ့ပြန်ခဲ့ပါတယ်။
“ဒါက ကျွန်တော့်ကို မေးရမယ့် မေးခွန်း မဟုတ်ပါဘူး။ ပြောစရာရှိတာတွေကို အတိတ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တဲ့ မေးခွန်းပါ၊ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ VAR ဆိုတာ ပြီးခဲ့တဲ့ အပတ်ကမှ စသုံးတာ မဟုတ်ပါဘူး၊ ရှိနေတာ နှစ်ပေါင်း များစွာ ကြာပါပြီ။ ကျွန်တော်တို့ ဒါနဲ့ အညီ အသားကျအောင် နေထိုင်ကြရတာပဲ၊ လူတိုင်းလည်း ဒါကို သိကြပါတယ်။” လို့ ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ် အနေနဲ့ လာမယ့် မေလ ၂၄ ရက်မှာ အာဆင်နယ်နဲ့ ရာသီပိတ်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲပြီး ၃ ရက်အကြာမှာ ရေယို ဗာယေကာနိုနဲ့ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ် ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အဆုံးအဖြတ်မှာ နှစ်ကြိမ်တိုင်တိုင် ပါဝင်ပတ်သက်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အိုလီဗာ ဂလပ်စ်နာရဲ့ ပဲလေ့စ်ဟာ ပွဲစဉ် နှစ်ခုလုံးမှာ အစွမ်းကုန် ယှဉ်ပြိုင်ကစားလိမ့်မယ်လို့ ဂွါဒီယိုလာက ယုံကြည်နေပြီး “သူတို့က ပရော်ဖက်ရှင်နယ် အပြည့် ရှိတဲ့ အသင်းပါ။ ခရစ္စတယ်ပဲလေ့စ်ဟာ ကျွန်တော် တို့နဲ့ ပွဲမှာ အကောင်းဆုံး ကစားလာမှာ သေချာပါတယ်။ မနေ့က စပါးနဲ့ ပွဲမှာ လိဒ်စ်အသင်း တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ သေချာသွားတာတောင် ဘယ်လောက်အထိ အပြင်းအထန် ယှဉ်ပြိုင်ကစားသွားလဲ ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ အတိတ်တုန်းကလည်း အက်စတွန်ဗီလာ အသင်း ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အချိန်မှာ ကျွန်တော်တို့ ကွင်းမှာ လာကစားတာ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ ကြုံခဲ့ဖူးပါတယ်။ ပဲလေ့စ်မှာ ဗိုလ်လုပွဲကစားဖို့ ရှိနေတယ် ဆိုပေမယ့် သူတို့ အစွမ်းကုန် ကစားလာလိမ့်မယ် ဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


