ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဒီရာသီမှာ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ထက် Top 4 ဝင်ခွင့်ရဖို့တောင် အသည်းအသန် ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း ဆန်းဒါးလန်း (ပရီးမီးယားလိဂ်)နဲ့ ဘရိုက်တန် (အက်ဖ်အေဖလား) တို့ကို အနိုင်ရရှိခဲ့ပြီးနောက် အာနေး ဆလော့တ်ရဲ့ အသင်းက ဒီရာသီရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကို ကျော်လွှားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာပါတယ်။
လစ်ဗာပူးလ် အတွက် အချိန်ရော မှီသေးရဲ့လား
ဇန်နဝါရီလ နှောင်းပိုင်း ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တာဟာ လစ်ဗာပူးလ်ရဲ့ ၁၃ ပွဲဆက် ရှုံးပွဲ မရှိမှု မှတ်တမ်းကို အဆုံးသတ်စေခဲ့ပါတယ်။ အာနေး ဆလော့တ် အနေနဲ့ စက်တင်ဘာကနေ နိုဝင်ဘာလ အထိ ကြုံတွေ့ခဲ့ရတဲ့ အသင်းရဲ့ ခြေစွမ်းကျဆင်းမှုကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ပွဲ ကတော့ အနည်းငယ်သာ ရရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ အနိုင်ရထားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အဆင့် ၅ အတွင်း ဝင်ဖို့ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ကို အမီလိုက်နေရပါတယ်။
ရှုထောင့်နှစ်ခုနဲ့ လစ်ဗာပူးလ်
လစ်ဗာပူးလ်ရဲ့ အခြေအနေကို ရှုထောင့် နှစ်မျိုး ကနေ မြင်ကြည့်လို့ ရပါတယ်။ တစ်ချက်က အပြုသဘောဆောင်ပြီး လစ်ဗာပူးလ်ဟာ အဆင့် ၅ နေရာနဲ့ ၂ မှတ်သာ ကွာဟပြီး ကစားဖို့ ၁၂ ပွဲ ကျန်နေသေးတာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဒါဟာ အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ ရမှတ် ကွာဟချက် ဖြစ်ပါတယ်။
နောက်တစ်ချက် ကတော့ စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။ လစ်ဗာပူးလ်ရဲ့ ခြေစွမ်းက အထက်က အသင်းတွေနဲ့ နှိုင်းယှဉ်ရင် ဦးတည်ချက် အနည်းငယ် မှားနေတာ တွေ့ရပါတယ်။ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ဟာ နည်းပြသစ်တွေရဲ့ “ New Manager Bounce” (နည်းပြသစ်ကြောင့် ရလဒ်ကောင်းခြင်း) ကို ခံစားနေရပြီး နောက်ဆုံး ၅ ပွဲမှာ ၁၃ မှတ်စီ ရရှိထားချိန်မှာ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ၅ ပွဲ ရလဒ်ဇယားမှာ အဆင့် ၉ ချိတ်နေပါတယ်။
တကယ်တမ်း ပြန်ကြည့်ရင် ရာသီအစ ၅ ပွဲ ဆက်တိုက် နိုင်ပွဲရခဲ့တာကို ဖယ်လိုက်မယ် ဆိုရင် လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ၂၁ ပွဲ အတွင်း အဆင့် ၁၀ နေရာမှာပဲ ရှိနေပြီး တစ်ပွဲချင်း ရမှတ် ရရှိမှုနှုန်း (PPG) က အတော်လေး ဆိုးရွားနေပါတယ်။
ရမှတ် ခန့်မှန်းချက်နဲ့ လိုအပ်ချက်

လွန်ခဲ့တဲ့ ၁၀ နှစ်တာ အတွင်း ပရီးမီးယားလိဂ်မှာ အဆင့် ၅ ရဖို့ ပျမ်းမျှရမှတ် ၆၇.၇ မှတ် လိုအပ်ပါတယ်။ ဒီရာသီက ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ၆၈ မှတ် လို့ သတ်မှတ်မယ် ဆိုရင် လစ်ဗာပူးလ် အနေနဲ့ လက်ကျန် ၁၂ ပွဲမှာ ၂၆ မှတ် ထပ်ရဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ ကျန်ရှိတဲ့ ပွဲတွေမှာ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်မျိုး ထွက်ပေါ်ဖို့ လိုအပ်တာ ဖြစ်ပြီး တစ်ပွဲ ပျမ်းမျှ ရမှတ်နှုန်း ၂.၁၇ (PPG) ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိ လစ်ဗာပူးလ်ရဲ့ ရမှတ် ရရှိနှုန်းက ၁.၆၂ သာ ရှိပြီး ပြီးခဲ့တဲ့ ၂၁ ပွဲမှာ ဆိုရင် ၁.၂၉ အထိ နိမ့်ကျနေပါတယ်။
ပြိုင်ဘက်အသင်းတွေရဲ့ အခြေအနေ
လစ်ဗာပူးလ်ဟာ ၆၈ မှတ်အထိ ရောက်ဖို့ ခဲယဉ်းနိုင်ပေမယ့် ပြိုင်ဘက်တွေ ရမှတ် လျော့နည်းစွာ ရရှိခဲ့ရင်တော့ အခွင့်အရေး ရှိနိုင်ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က လက်ရှိမှာ ပိုမို အားကောင်းနေပါတယ်။ ရှေ့လျှောက်မှာ လစ်ဗာပူးလ်ဟာ အဲဗာတန်၊ မန်ယူနိုက်တက် တို့နဲ့ အဝေးကွင်း သွားကစားရမှာ ဖြစ်သလို၊ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်လို့ ဒီပွဲတွေက အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။
နိဂုံးချုပ် သုံးသပ်ချက်
ကိန်းဂဏန်းတွေအရ လစ်ဗာပူးလ်ဟာ ဘောလုံးပိုင်ဆိုင်မှုမှာ ထိပ်ဆုံးက ရှိနေပေမယ့် ဂိုးမပေးရတဲ့ ပွဲ (Clean Sheets) မှာ အဆင့် ၆၊ ဂိုးရနိုင်ခြေ အခွင့်အရေး ဖန်တီးမှုမှာ အဆင့် ၇၊ ဂိုးပေါက် တည့်မှုမှာ အဆင့် ၈ သာ ရှိပါတယ်။ ဒီအခြေအနေတွေဟာ အသင်းကြီး တစ်သင်း အတွက် ဘယ်လောက်အထိ လိုအပ်ချက် ကြီးမားနေသလဲ ဆိုတာ ပြောသနေသလိုပါပဲ။ အမှတ်ပေးဇယား အတွင်း ရမှတ် ကွာဟချက် နည်းနေပေမယ့် ကစားဟန်နဲ့ အချက်အလက်တွေ ကတော့ လစ်ဗာပူးလ်တို့ အဆင့် ၅ အတွင်း ဝင်ဖို့ ခက်ခဲနေကြောင်း ပြသနေပါတယ်။
ဒါကြေင့် လစ်ဗာပူးလ်တို့ လာမယ့်နှစ် ချန်ပီယံလိဂ် ကစားချင်တယ် ဆိုရင် ဒီနှစ် ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ့် ပုံစံ ဖြစ်နေပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ တော်တော်လေးမှ နည်းနေတယ် ဆိုတာ အားလုံးလည်း သိထားပြီး ဖြစ်ကြောင်း သုံးသပ်ရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


