လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဖော် နှစ်ဦး ဖြစ်တဲ့ ဖက်ဒရီကို ဗယ်လ်ဗာဒီနဲ့ အော်ရီလီယန် ချူအာမန်နီ လေ့ကျင့်ရေးကွင်းမှာ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ ဒီရန်ပွဲက ဆေးရုံတင်လိုက်ရတဲ့ အထိ ဆိုးရွားခဲ့ပြီး ဒီသတင်းကြောင့် ရီးရဲလ်မက်ဒရစ် အသင်း အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။
ကွင်းပြင်ပ ပြဿနာပေါင်းစုံကြောင့် စိတ်ပျက်စရာကောင်းလှတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနေရချိန်မှာ ဒီသတင်းဆိုးဟာ ဒုတိယမြောက်ရာသီ အဖြစ် အဓိက ဖလားကြီး တစ်လုံးမှ မရဘဲ ဖလား လက်မဲ့ ဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ မက်ဒရစ် အတွက် အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ လေ့ကျင့်ရေးကွင်းရှိ အဝတ်လဲခန်း အတွင်း အဆိုပါ ကွင်းလယ်လူ နှစ်ဦးဟာ ဒေါသတကြီး ထိပ်တိုက် ရင်ဆိုင် စကားများခဲ့ကြပြီး၊ အဲဒီနောက်မှာ ဗယ်လ်ဗာဒီဟာ စားပွဲ တစ်ခုနဲ့ ခေါင်းတိုက်မိသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ကစားသမား နှစ်ဦးလုံးကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဗယ်လ်ဗာဒီမှာ ဦးနှောက် ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ တချို့သတင်းတွေမှာ ဥရုဂွေး ကွင်းလယ်လူ ဗယ်လ်ဗာဒီက ဒီဖြစ်ရပ် အတွင်း သတိလစ်သွားခဲ့ပြီး ဒဏ်ရာကို ချုပ်ရတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။
ဗယ်လ်ဗာဒီရဲ့ ရှင်းလင်းချက်
ဒါပေမယ့်လည်း ဗယ်လ်ဗာဒီရဲ့ အခြေအနေက အလွန်အမင်း စိုးရိမ်စရာ မရှိဘဲ၊ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သတင်းတွေကို ငြိမ်စေဖို့ အတွက် အင်စတာဂရမ်က တဆင့် စာအရှည်ကြီး တစ်စောင် ရေးသားကာ ရှင်းလင်းခဲ့ပါတယ်။
သူ့ရဲ့ ပို့စ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ “အချေအတင် စကားများနေတုန်းမှာ ကျွန်တော် မတော်တဆ စားပွဲတစ်ခုနဲ့ တိုက်မိသွားလို့ နဖူးမှာ အနည်းငယ် ပြတ်ရှ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံမှာ ပုံမှန် စစ်ဆေးမှုလုပ်ဖို့ သွားခဲ့ရတာပါ။ ကျွန်တော့် အသင်းဖော်က ကျွန်တော့်ကို ဘယ်တုန်းကမှ မထိုးခဲ့သလို၊ ကျွန်တော်လည်း သူ့ကို ပြန်မထိုးခဲ့ပါဘူး။ မီဒီယာတွေ အနေနဲ့ ကျွန်တော်တို့ အချင်းချင်း လက်သီးချင်း ဖလှယ်ခဲ့ကြတယ်၊ ဒါမှမဟုတ် တမင်သက်သက် လုပ်ခဲ့ကြတယ်လို့ ယုံကြည်ရတာ ပိုလွယ်ကူလိမ့်မယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တကယ်တော့ အဲဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။”

“ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး။ ကျွန်တော့် ရင်ထဲကနေ တောင်းပန်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို အခြေအနေတွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အချိန်တွေက ကျွန်တော့်ကို နာကျင်စေလို့ပါ။ ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော့် ဘဝမှာ အရေးအကြီးဆုံး အရာတွေ ထဲက တစ်ခု ဖြစ်ပြီး ကျွန်တော် ဥပေက္ခာမပြုနိုင်ပါဘူး။ အခုဖြစ်ရပ် ကတော့ ကျွန်တော့်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အဓိပ္ပာယ် မရှိတဲ့ ရန်ပွဲ တစ်ခု အနေနဲ့ အဆုံးသတ်သွားခဲ့တဲ့ အရာများစွာ စုပြုံလာမှုကြောင့် ဖြစ်ပါတယ်။” လို့ ဗယ်လ်ဗာဒီက ရေးသား ပြောဆိုခဲ့ပါတယ်။
ဗယ်လ်ဗာဒီနဲ့ ချူအာမေနီ တို့ရဲ့ ရန်ပွဲကို ဘယ်က စတင်စေခဲ့သလဲ
ဗယ်လ်ဗာဒီက သူ့ရဲ့ ပို့စ်မှာ “အရာများစွာ စုပြုံလာမှုကြောင့် အဓိပ္ပာယ်မရှိတဲ့ ရန်ပွဲ အဖြစ် အဆုံးသတ်သွားတာ” လို့ ဖော်ပြခဲ့ပါတယ်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ပွဲဟာ ဒီမတိုင်ခင် ဗုဒ္ဓဟူးနေ့ ကလည်း လေ့ကျင့်ရေး အစီအစဉ် အတွင်း နှစ်ဦးသား ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့တာကြောင့် လူချင်းခွဲခဲ့ရတဲ့ အခြေအနေတွေ ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ နှစ်ဦး အကြား လနဲ့ ချီကာ တငွေ့ငွေ့ တောက်လောင်နေတဲ့ တင်းမာမှုတွေ ပေါက်ကွဲ ထွက်လာတဲ့ အထွတ်အထိပ် အခိုက်အတန့် ဖြစ်လာခဲ့ပါတယ်။
Onda Cero သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗယ်လ်ဗာဒီက လေ့ကျင့်ရေး ပြုလုပ်စဉ် အတွင်း ချူအာမေနီကို ထိခိုက်နာကျင်စေဖို့ ရည်ရွယ်တဲ့ ပုံစံမျိုးနဲ့ ၃ ကြိမ်ခန့် ဖြတ်ထုတ် ကစားခဲ့တယ်လို့ သိရပါတယ်။ MARCA သတင်းစာရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့က ရန်ပွဲဖြစ်ပြီးနောက် ကြာသပတေးနေ့မှာ လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာချိန်မှာ ဗယ်လ်ဗာဒီက ချူအာမေနီကို လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ El Pais သတင်းစာ ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ကာဇတ်စတန် ကလပ် ကိုင်ရတ်နဲ့ သွားရောက် ကစားခဲ့တဲ့ ခရီးစဉ်ကတည်းက ဗယ်လ်ဗာဒီက အသင်း အပေါ် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်ပါတယ်။
လာလီဂါ ကလပ်ဟာ အဲဒီပွဲမှာ ၅-၀ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဗယ်ဗာဒီ ကတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ သူဟာ ပွဲမတိုင်ခင် တစ်ရက်က မီဒီယာတွေကို “ကျွန်တော်က ညာနောက်ခံလူ အဖြစ် ကစားဖို့ မွေးဖွားလာတာ မဟုတ်ဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်က နည်းပြ ဇာဘီ အလွန်ဆိုရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ ဗယ်လ်ဗာဒီဟာ သွေးပူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့ပြီး ပရိသတ်တွေ ရှေ့မှာ လက်ပိုက်ပြီး ရပ်နေခဲ့ကာ ဒုတိယ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်ပေမယ့်လည်း နည်းပြ ဖြစ်သူ အလွန်ဆိုရဲ့ အာဏာကို ဖီဆန်ပြခဲ့ပါတယ်။
အလွန်ဆိုနဲ့ ဘယ်တုန်းကမှ သဟဇာတ မဖြစ်ခဲ့တဲ့ ဗယ်လ်ဗာဒီကို ပြီးခဲ့တဲ့ ဇန်နဝါရီလက နည်းပြ အလွန်ဆို ရာထူး ကနေ ထုတ်ပယ်ခံရမှုမှာ အဓိက လှုံ့ဆော်သူ တစ်ဦး အဖြစ် လူအများက ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အသင်းတိုက်စစ်ကို ကီလီယန် အမ်ဘာပေးကို ဗဟိုပြုပြီး တည်ဆောက်ထားခြင်းကြောင့် ရာသီဝက် အလွန် မှာလည်း ဗယ်လ်ဗာဒီက အသင်းမှာ ဘောင်ခတ်ခံထားရသလို ဆက်လက် ခံစားနေရပါတယ်။
လက်ရှိ ဗယ်လ်ဗာဒီနဲ့ ချူအာမေနီ တို့ရဲ့ ရန်ပွဲက မက်ဒရစ် အဝတ်လဲခန်း အတွင်းရှိ သီးခြား ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ မကြာသေးမီ သီတင်းပတ်တွေ အတွင်း အမ်ဘာပေး၊ ဒန်နီ ကာဗာဟယ်၊ အန်တိုနီယို ရူဒီဂါနဲ့ အယ်လ်ဗာရို ကာရီးရက်စ် တို့ အကြား မှာလည်း အပြန်အလှန် ပဋိပက္ခတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကစားသမား တချို့ဟာ လက်ရှိ နည်းပြ အဲလ်ဗာရို အာဘီလိုအာနဲ့ စကားပင် မပြောကြတော့ဘဲ၊ စိတ်ပျက်စရာ ကောင်းတဲ့ ရာသီအခြေအနေကြောင့် အသင်းသားတွေ အကြား ဒေါသတွေ ထွက်ကာ အုပ်စု ကွဲနေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘယ်လို အရေးယူမှုတွေ ပြုလုပ်မလဲ။
ရီးရဲလ်မက်ဒရစ် ကတော့ ကစားသမား နှစ်ဦးစလုံး အပေါ် စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်နေပြီး နှစ်ဦးစလုံး ငွေကြေးဆိုင်ရာနှင့် ပွဲပယ် ပြစ်ဒဏ်တွေ ကျခံရဖွယ် ရှိနေပါတယ်။
MARCA ရဲ့ အစီရင်ခံစာ အရ ဒီဖြစ်ရပ်ကို “ပြင်းထန်တဲ့ စည်းကမ်းဖောက်ဖျက်မှု” အဖြစ် သတ်မှတ်ထားပြီး ဗယ်လ်ဗာဒီနဲ့ ချူအာမေနီ တို့ အနေနဲ့ တစ်လစာ လစာငွေရဲ့ ၂၅ ရာခိုင်နှုန်း အထိ ဖြတ်တောက်ခံရနိုင်ကာ လာမယ့် ပွဲစဉ် တချို့ ကိုလည်း ကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။ အကယ်၍ “အလွန် ပြင်းထန်တဲ့ စည်းကမ်း ဖောက်ဖျက်မှု” အဖြစ် သတ်မှတ်ခံရပါက ရက်ပေါင်း ၃၀ အထိ လစာမဲ့ အလုပ်ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် ဗယ်လ်ဗာဒီ အနေဖြနဲ့ သူ့ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရာထူး ကနေ ဖယ်ရှားခံရနိုင်ဖွယ် ရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီပြစ်ဒဏ် ချမှတ်မှုက အသင်း အတွင်း Civil War ဖြစ်လုနီးပါး တင်းမာနေတဲ့ အချိန်အခါမှာ စည်းကမ်းပိုင်းကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြသဖို့ အတွက် အရေးကြီးတဲ့ စံနှုန်း တစ်ခု ဖြစ်လာမှာပါ။
လတ်တလောမှာ ကစားသမား နှစ်ဦးစလုံးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အဲလ်ကလက်ဆီကို ပွဲစဉ် အတွက် လူစာရင်းမှာ ပါဝင်လာဖို့ မရှိပါဘူး။ ဒါ့ပေမယ့်လည်း Onda Cero ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်က လာမယ့်နွေရာသီမှာ သူတို့ နှစ်ဦးစလုံးကို ရောင်းချဖို့ စဉ်းစားနေခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


