ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်း အဆင့် ပထမအကျော့ မှာတော့ နော့တင်ဟမ်ဖောရက်စ်က ဖီနာဘာချီကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နည်းပြ ဗစ်တာ ပါရဲရားက ဒီပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နော့တမ်ဟမ်ဖောရက်စ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးစကား ပြောကြားလာခဲ့ပါတယ်။
တူရကီမြေမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဖောရက်စ်က ဖီနာဘာချီကို ခြေပြတ်၊ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နည်းပြ ဗစ်တာ ပါရဲရား ကလည်း နော့တမ်ဟမ်ဖောရက်စ်ကို စတင်ကိုင်တွယ်တဲ့ ပထမဆုံး ပွဲစဉ်မှာတင် ဖီနာဘာချီလို အသင်းကြီး တသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် အဖွင့်လည်း လှသွားခဲ့ပါတယ်။
ဒီပွဲမှာ ဖောရက်စ် အတွက် ဂိုးတွေ ကိုတော့ မူရီလို၊ အီဂေါ ဂျေဇုစ်နဲ့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖောရက်စ်က ဖီနာဘာချီ ဘက်ကို ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၇ ကြိမ် ကနေ ၃ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖီနာဘာချီ ကတော့ ဂိုးပေါက် ကန်ချက် ၆ ကြိမ်မှာ ဂိုးပေါက် ၂ ကြိမ်သာ တည့်ခဲ့ပြီး တော်တော်လေးကို ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ ဖောရက်စ် အတွက် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ အဝေးကွင်းမှာ အကြီးမားဆုံးသော နိုင်ပွဲ ဖြစ်ခဲ့သလို၊ ၁၉၉၅ ခုနှစ်က လိုင်ယွန်ကို အနိုင်ရပြီး နောက်ပိုင်း ပထမဆုံး ရရှိတဲ့ ဥရောပ ရှုံးထွက် အဆင့် နိုင်ပွဲလည်း ဖြစ်ပါတယ်။ ရှောင်ဒိုက်ချ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ဗစ်တာ ပါရဲရားက အသင်းသစ် တစ်သင်းကို စတင် ကိုင်တွယ်တိုင်း ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ (၁၁ ပွဲ နိုင်၊ ၄ ပွဲ သရေ)။

နည်းပြ ဗစ်တာ ပါရဲရားက ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ “ကစားသမားတွေရဲ့ အရည်အသွေးကို ကျွန်တော် အကြိုက်ဆုံးပါပဲ။ သူတို့ကို ကွင်းထဲမှာ လွတ်လွတ်လပ်လပ်နဲ့ အစွမ်းပြဖို့ ကျွန်တော် တောင်းဆိုခဲ့သလို သူတို့လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ် ၂ ဂိုးလောက်တောင် ထပ်ရနိုင်ခဲ့ပါသေးတယ်။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ရလဒ်ပါ။ ဒါပေမယ့် ဒါဟာ ပွဲတစ်ဝက်ပဲ ရှိသေးတာမို့ ကျွန်တော်တို့ တည်ငြိမ်ဖို့ လိုအပ်သလို ပွဲစဉ် ဇယား ကလည်း ကျပ်တည်း ခက်ခဲနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဖောရက်စ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ လစ်ဗာပူးလ်ကို အိမ်ကွင်း City Ground မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် လုပ်နိုင်မလား ဆိုတဲ့ မေးခွန်း ကိုတော့ ဗစ်တာ ပါရဲရားက ယုံကြည်မှု အပြည့်နဲ့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပွဲကို အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒီလို တူရကီမြေမှာ ၃ ဂိုးသွင်းပြီး ဂိုးမပေးရအောင် ကစားဖို့ ဆိုတာ မလွယ်ပါဘူး။ လာမယ့် ပွဲကတော့ အခြေအနေချင်း မတူနိုင်တာကြောင့် ကျွန်တော်တို့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။
ဖီနာဘာချီ နည်းပြ ဒိုမီနီကို တက်ဒက်စကို ကတော့ သူ့အသင်း အနေနဲ့ ဒီပွဲမှာ အဘက်ဘက်မှာ အရေးနိမ့်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။ တက်ဒက်စကို “၃-၀ နဲ့ ရှုံးခဲ့တယ် ဆိုရင် အများကြီး လွဲချော်ခဲ့လို့ပါပဲ။ ကျွန်တော်တို့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဖောရက်စ်ဟာ စနစ်တကျ ရှိတဲ့ အသင်း ဖြစ်သလို ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ ကလည်း ကျွန်တော် တို့ကို အခက်တွေ့စေခဲ့ပါတယ်။ သူတို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။” လို့ ဆိုပါတယ်။
နော့တင်ဟမ်ဖောရက်စ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် ဖီနာဘာချီကို စီးတီးဂရောင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမတိုင်ခင် မှာတော့ လစ်ဗာပူးလ်နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


