ညက ကစားသွားတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ စပို့တင်းက ဘိုဒို/ဂလင့်မ်ကို ၅-၀နဲ့ အနိုင်ရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ စပို့တင်းဟာ ပထမအကျော့ ဘိုဒို/ဂလင့်မ် အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပေါ်တူဂီမှာ ကစားတဲ့ ဒုတိယအကျော့ မှာတော့ အချိန်ပို သွင်းဂိုး ၂ ဂိုး အပါအဝင် ၅ ဂိုးပြတ် အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၅-၃ နဲ့ ကွာတားဖိုင်နယ် တက်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပထမပိုင်း ပွဲစကတည်းက စပို့တင်းတို့ ပြိုင်ဘက်ကို အားအင် အပြည့်နဲ့ ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဘိုဒို/ဂလင့်မ် ကတော့ ပထမအကျော့နဲ့ မတူပဲ ခံစစ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ ပထမအကျော့မှာ ပြန်လှန်ဖို့ ခက်ခဲတဲ့ ရလဒ်နဲ့ နိုင်ထားတာကြောင့်လည်း ဘိုဒိုတို့ ခံစစ်အောင် လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်နဲ့ သွင်းဂိုး ရှာဖွေမယ့် ဗျူဟာကို ရွေးချယ်ခဲ့ပုံပါပဲ။ ဒါပေမယ့်လည်း စပို့တင်းရဲ့ တရစပ် ထိုးဖောက်မှုတွေကြောင့် ဘိုဒိုတို့ တစ်ဂိုးပြီး တစ်ဂိုး ပေးရရင်း မိနစ် ၉၀ ပြည့်ချိန်မှာတော့ ပွဲရဲ့ ချိန်ခွာလျှာက ညီသွားလို့ အချိန်ပို ဆက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ဂွန်ဆာလို အင်နာစီယိုက ထရင်ကာအိုရဲ့ ထောင့်ကန်ဘော ကနေ တဆင့် ခေါင်းတိုက်ကာ ပထမချေပဂိုးကို စတင် သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၆၁ မိနစ် မှာတော့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကနေ လူးဝစ္စ ဆွာရက်ဇ်ရဲ့ ဖန်တီးပေးမှုကို ပိုတေးက အနီးကပ် ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့ပါတယ်။ အဲဒီနောက် ဖရက်ဒရစ်ခ် ယော်ကန် ဧရိယာ အတွင်း လက်ထိဘောကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လူးဝစ္စ ဆွာရက်ဇ်က အမှားအယွင်း မရှိ ကန်သွင်းကာ စုစုပေါင်း ရလဒ်ကို ၃-၃ ဖြစ်စေခဲ့ပါတယ်။
အဲဒီနောက် အချိန်ပို ဆက်လက် ကစားရာမှာတော့ ၈၃ စက္ကန့် အကြာမှာပဲ မက်ဆီ အာရူဟိုက စပို့တင်း အတွက် စတုတ္ထဂိုး သွင်းယူကာ ဦးဆောင်စေခဲ့သည်။ ပွဲပြီးခါနီး ၁၂၁ မိနစ် မှာတော့ လူငယ် ကစားသမား နဲလ်က အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံ သွင်းယူကာ စပို့တင်းရဲ့ အောင်ပွဲကို အတည်ပြုပေးခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
စပို့တင်းရဲ့ နိုင်ပွဲဟာ ရှားရှားပါးပါး အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဥရောပ ပြိုင်ပွဲကြီးတွေထဲမှာ ၃ ဂိုးပြတ် ရှုံးနိမ့်မှု ကနေ စပို့တင်းတို့ ပြန်လည် ကျော်ဖြတ်နိုင်ခဲ့ခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေမယ့်လည်း ချန်ပီယံလိဂ် သမိုင်းမှာတော့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ဒီပွဲမှာ စပို့တင်းက ဂိုးကန်သွင်းမှု ၃၈ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး အဲဒီ အထဲကမှ ၁၄ ကြိမ်က ဂိုးပေါက် တည့်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်က ဘရာဂါရဲ့ စံချိန် (၃၈ ကြိမ်) နဲ့ အတူ ပေါ်တူဂီ ကလပ် အသင်း တစ်သင်းရဲ့ ချန်ပီယံလိဂ် အတွင်း အများဆုံး ဂိုးကန်သွင်းမှု စံချိန်လည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ Sporting အသင်းရဲ့ မျှော်မှန်းဂိုး (xG) ၃.၃၅ အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အပိတ်ဂိုး သွင်းယူခဲ့တဲ့ နဲလ် အတွက် အတွက် သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အမှတ်တရ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပို့တင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တစ်ဖက်က လေဗာကူဆင်ကို အနိုင်ယူကျော်ဖြတ်လာတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


