၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိထားတဲ့ စပိန် ကွင်းလယ်လူကို ခေါ်ယူဖို့ အတွက် လာလီဂါ ကလပ် ဘာစီလိုနာက ပြိုင်ပွဲထဲ ကြားဖြတ် ဝင်ရောက်လာခဲ့ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အဲလ်ကလက်ဆီကို ပြိုင်ဆိုင်မှုသစ် တစ်ခု စတင်နေခဲ့ပြီ ဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ စပိန်ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့အတွက် ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ကျော်လွန်ပြီး ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိနေပြီ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေလည်း ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ အင်္ဂလန်မြေ ကနေ ထွက်ခွာဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေသလို၊ ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ စပိန် အသင်းနဲ့ အတူ ဗိုလ်စွဲကာ ရွှေဘောလုံးဆု ကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် သူ့အပေါ် စိတ်ဝင်စားမှုတွေဟာ ပိုမိုမြင့်တက်လာခဲ့တာပါ။
လပေါင်းများစွာတည်းက ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီ ရောက်ရှိမယ့် အနီးစပ်ဆုံး ဦးတည်ရာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပေမယ့်၊ လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်း မှာတော့ ဘာစီလိုနာက ကြားဖြတ် ဝင်ရောက်လာခဲ့ပြီး အပြောင်းအရွှေ့ ဇာတ်လမ်း တစ်ခုလုံးဟာ ကြီးမားတဲ့ အချိုးအကွေ့ တစ်ခုဆီ ဦးတည်သွားခဲ့ပါတယ်။
သတင်းတွေအရ ဘာစီလိုနာဟာ ရိုဒရီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်းနဲ့ The Athletic ရဲ့ ဖော်ပြချက်အရ ရိုဒရီ ကိုယ်တိုင်က မက်ဒရစ်ထက် ကတ်တာလန်မြေဆီ ပြောင်းရွှေ့ဖို့ ပိုမို ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရိုဒရီဟာ ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကို နဲ့ စကား ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သလို၊ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း ဒီကမ္ဘာ့ အဆင့် ကွင်းလယ်လူကို ခေါ်ယူဖို့ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံ တို့ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ် ကွင်းလယ်လူကို မထင်မှတ်ဘဲ လက်ဝယ် ပိုင်ဆိုင်ဖို့ နီးစပ်လာခဲ့တာပါ။ ဒါဆိုရင် ဘာစီလိုနာက ဘာကြောင့် ရိုဒရီကို အဓိက ပစ်မှတ် အဖြစ် ရုတ်တရက် အပြောင်းအလဲ ပြုလုပ်ခဲ့ရတာလဲ။
ဖရန်ကီ ဒီယောင်ရဲ့ နေရာမှာ အစားထိုးဖို့ ပြန်လည် လိုအပ်လာခြင်း
ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အသင်း အတွက် သွားရောက် ကစားပေးခဲ့ အပြီး အသင်းဆီ ပြန်လည် ရောက်ရှိလာချိန် မှာတော့ ညာဘက်ဒူး အရွတ် (MCL) စုတ်ပြဲဒဏ်ရာ ရရှိလာခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ ဒတ်ချ် ကစားသမားဟာ ခွဲစိတ်မှု မလိုတဲ့ ကုသမှု ပုံစံနဲ့ အနားယူနေတာ ဖြစ်ပြီး အဆင်ပြေခဲ့ရင်တော့ ဆောင်းဦးရာသီ အစောပိုင်းမှာ ပြန်လည် ကစားနိုင်မှာပါ။ ဒါပေမယ့် အဆင်မပြေခဲ့ရင်တော့ ခွဲစိတ်ကုသမှု ပြုလုပ်ရမှာ ဖြစ်ပြီး ၄ လ အထိ အနားယူရဖွယ် ရှိနေပါတယ်။
ဒီယောင်ဟာ ပေါင်နောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဘာစီလိုနာ အတွက် ပွဲထွက်ခွင့် တစ်ပွဲမှ မရရှိခဲ့တာ ဖြစ်လို့ အခုလို ဒဏ်ရာ ထပ်မံ ရရှိလာမှု အပေါ် အသင်း ဘက်က အလွန်တရာ ဒေါသထွက်နေကြတာပါ။ ဒါဟာ နောက်ဆုံး ၃ ရာသီ အတွင်း ၂ ရာသီမြောက် ရာသီအစကို ဒဏ်ရာနဲ့ အနားယူရခြင်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ဒီယောင်ရဲ့ လွဲချော်မှုကို အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ပဲ အစားထိုးသွားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ရိုဒရီလို ကစားသမားမျိုး ကိုတော့ မသိချင်ယောင်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
ရိုဒရီ ရောက်ရှိလာခဲ့ရင် လာလီဂါ ကလပ် ဘာစီလိုနာရဲ့ နံပါတ် ၆ ခံစစ် ကွင်းလယ် နေရာ အတွက် ဒီယောင်ရဲ့ နေရာကို ချက်ချင်း အစားထိုး ဝင်ရောက်မှာ ဖြစ်ပါတယ်။ သူက ကွင်းလယ်ကို ထိန်းကျောင်းပေးထားမှာ ဖြစ်လို့ ပတ်ဒရီ အနေနဲ့ ပွဲကစားချိန် အနိမ့်အမြင့်ကို စိတ်ကြိုက် ထိန်းချုပ်ပြီး လွတ်လပ်စွာ ထိုးဖောက် ကစားနိုင်တော့မှာပါ။
ဒီယောင်ရဲ့ လွဲချော်မှု အတွက် ရော့ဒရီကို ခေါ်ယူတာဟာ ရေတို စဉ်းစားမှုလို့ ထင်ရနိုင်ပါတယ်။ ဒီယောင်ဟာ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၇ အစောပိုင်းမှာ ပြန်လာနိုင်မှာမို့ ပမာဏ ကြီးမားစွာ အသုံးချတာက မလိုအပ်ဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ရိုဒရီဟာ ဒီယောင်ရဲ့ နေရာမှာ အစားထိုးဖို့တင်မကဘဲ အဆင့်အတန်း တစ်ခုကို မြှင့်တင်ပေးနိုင်သူဖြစ်ပြီး ဘာစီလိုနာရဲ့ အကြီးမားဆုံး အားနည်းချက် တစ်ခုကို ကူညီဖြေရှင်းပေးနိုင်မယ့်သူ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ တိုက်စစ် ကစားဟန် အတွက် အမှန်ကန်ဆုံး နံပါတ် ၆ ကစားသမား
ဘာစီလိုနာမှာ ပတ်ဒရီ၊ ဂါဗီ၊ မာ့ခ် ဘာနဲလ်၊ မာ့ခ် ကာဆာဒို၊ ဒန်နီ အော်လမိုနဲ့ ဖာမင်း လိုပက်ဇ် တို့လို ထိပ်တန်း ကွင်းလယ်လူတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဟန်ဆီ ဖလစ်ခ်ရဲ့ တိုက်စစ်ဖွင့်ပြီး စွန့်စားရတဲ့ ကစားဟန် မှာတော့ ရိုဒရီထက် နံပါတ် ၆ နေရာကို ပိုမိုကောင်းမွန်စွာ ကစားနိုင်မယ့်သူ မရှိပါဘူး။

ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ အဓိက ဒုက္ခပေးနေတဲ့ အရာ ကတော့ တန်ပြန် တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခြင်းပါပဲ။ ဘာစီလိုနာရဲ့ အထက်စီး ကနေ ဖိအားပေးတဲ့ ကစားဟန်နဲ့ ခံစစ်တန်းကို မြှင့်ထားတဲ့ နည်းဗျူဟာကြောင့် ဘောလုံးကို အထက်ပိုင်းမှာ ခပ်မြန်မြန် ပြန်လည် လုယူနိုင်ခဲ့ပေမယ့်၊ ရိုးရှင်းတဲ့ ဒေါင်လိုက် တန်ပြန် တိုက်စစ်တွေ ကိုတော့ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ရိုဒရီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနီးပါး အတွင်း တန်ပြန် တိုက်စစ်တွေကို ဖျက်ဆီးရာမှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ခဲ့တာပါ။ သူ့မှာ ကွင်းလယ်ကို တစ်ယောက်တည်း ထိန်းချုပ်နိုင်တဲ့ လွှမ်းမိုးမှု၊ ပါးနပ်မှု၊ ကြံ့ခိုင်မှုနဲ့ ဇွဲထက်သန်မှုတွေ ရှိပါတယ်။ တတိယ ဗဟိုနောက်ခံလူ အဖြစ် ဝင်ကစားပေးတာမျိုး ဒါမှမဟုတ် ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ် မစတင်မီ ကွင်းလယ်မှာတင် ဖိအားပေး လုယူတာမျိုးနဲ့ ခံစစ်တန်းကို စနစ်တကျ ကာကွယ်ပေးနိုင်သူပါ။ ကမ္ဘာ့ဖလား မှာလည်း စပိန် အသင်းက ခံစစ်တန်းကို အမြင့်ဆုံး မြှင့်ကစားခဲ့ပေမယ့် ၈ ပွဲမှာ ၁ ဂိုးတည်းသာ ပေးခဲ့ရတာက ရိုဒရီရဲ့ စွမ်းဆောင်ရည်ကို သက်သေတည်နေတာ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်း မှာလည်း ရိုဒရီဟာ အပြစ်ဆိုဖွယ် မရှိအောင် ပြည့်စုံပြီး အနိမ့်ပိုင်း ကနေ ဘောလုံး ပေးပို့မှုတွေနဲ့ ကစားကွက် တည်ဆောက်နိုင်သူ ဖြစ်ကာ၊ ဒါဟာ နည်းပြ ဘယ်သူပဲ ပြောင်းပြောင်း ဘာစီလိုနာရဲ့ အဓိက အသက်သွေးကြော ဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာနဲ့ ဒေကို တို့ဟာ ရိုဒရီကို နှစ်ပေါင်းများစွာ သဘောကျခဲ့ပေမဲ့ ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်ခဲ့ကြတာပါ။
ဒေကိုက “ပြောရမယ် ဆိုရင် ဘူးစကွက်စ်နဲ့ အနီးစပ်ဆုံး တူညီတဲ့ ကစားသမား ကတော့ ရိုဒရီပဲ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ သူ့ကို ကျွန်တော်တို့ဆီ သို့မဟုတ် တခြား အသင်းဆီ ရောင်းချမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ၂၀၂၄ နွေရာသီတုန်းက ပြောကြားခဲ့ဖူးပါတယ်။ နှစ်နှစ် အကြာ မှာတော့ ဒေကိုဟာ သူအိပ်မက်မက်ခဲ့ရတဲ့ ဘူးစကွက်စ်ရဲ့ အစားထိုးစရာ ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ထိုးနှက်နိုင်မယ့် ဝမ်းမြောက်ဖွယ် အခွင့်အရေး
ရိုဒရီလို ကစားသမားမျိုးကို ရရှိလိုက်တာဟာ ဘာစီလိုနာရဲ့ အောင်မြင်မှု မျှော်လင့်ချက်တွေကို သိသိသာသာ မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ၊ ရိုဒရီကို ဘာစီလိုနာထက် ပိုပြီး အသည်းအသန် လိုအပ်နေတဲ့ မဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူလိုက်နိုင်တာလည်း ဖြစ်ပါတယ်။
လော့စ်ဘလန်ကို တို့ဟာ ကစားသမား ဘဝ ကနေ အနားယူ၊ ထွက်ခွာသွားခဲ့ကြတဲ့ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ရဲ့ နေရာကို စနစ်တကျ အစားမထိုးနိုင်ခဲ့ပါဘူး။ မက်ဒရစ်ရဲ့ ကွင်းလယ်ဟာ နောက်ဆုံး နှစ်ရာသီ အတွင်း ယိမ်းယိုင်နေခဲ့ပြီး၊ တိုက်စစ်ပိုင်းမှာ ထိပ်တန်း ကစားသမားတွေ ရှိနေပေမယ့် ဥရောပ ချန်ပီယံ ၁၅ ကြိမ်ရှင် တို့ဟာ ဆုဖလား လက်မဲ့ ဖြစ်နေတာ နှစ်နှစ် ဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ရိုဒရီဟာ မက်ဒရစ်ရဲ့ ကွင်းလယ် ပြဿနာ အတွက် အိပ်မက် ပစ်မှတ် ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တချို့ အထိ ဘာနေဗျူးဆီ ရောက်ရှိလာတော့မယ်လို့ ထင်မှတ်ခဲ့ရတာပါ။ အခုတော့ ဘာစီလိုနာဟာ ပြိုင်ဘက်ရဲ့ အဓိက လိုအပ်ချက်ကို ကြားဖြတ်လုယူသွားတော့မှာ ဖြစ်လို့ မက်ဒရစ် အနေနဲ့ တခြား အစားထိုးစရာဆီ ဦးလှည့်ရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားတုန်းက စပိန်အသင်းမှာ ဘာစီလိုနာ ကစားသမား ၈ ယောက် အထိ ရိုဒရီနဲ့ အတူ တွဲဖက် ကစားခဲ့ကြတာ ဖြစ်ပြီး၊ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စတင် စည်းရုံးရာမှာ အဲဒီ စပိန် အသင်းဖော်တွေက အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်လို့ MARCA က ဖော်ပြထားပါတယ်။ ဘာစီလိုနာ အတွက် ရိုဒရီကို ခေါ်ယူဖို့ ကြိုးပမ်းရဦးမှာ ဖြစ်သလို မန်စီးတီးနဲ့ သဘောတူညီမှု ရဖို့ ကလည်း မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ခံစစ် ကွင်းလယ်လူကို ရရှိရေးနဲ့ အတူ ရာသီမစတင်မီ မှာတင် ၂၀၂၆-၂၇ ရာသီရဲ့ ပထမဆုံး အဲလ်ကလက်ဆီမှာ အနိုင်ရရှိရေး အတွက် ဘာစီလိုနာတို့ မိုင်ကုန်ဖွင့် စတင်လိုက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


