လာမင်း ယာမယ် အနေနဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး “အကောင်းဆုံး ကြံ့ခိုင်မှု အခြေအနေ”မှာ ရှိနေကြောင်း စပိန် အသင်း နည်းပြ လူးဝစ္စ ဒီလာဖျူအန်တေးက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ တောင်ပံ ကစားသမားက ကိတ်ဗာဒီနဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ယာမယ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ပေါင်နောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ၂၀၂၅-၂၆ ဘောလုံးရာသီ ဘာစီလိုနာ အသင်းရဲ့ နောက်ဆုံး ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး ကမ္ဘာ့ဖလား အမီ ကြံ့ခိုင်မှု ပြည့်ဝဖို့ အသည်းအသန် ကြိုးစားခဲ့ရတာပါ။
လွန်ခဲ့တဲ့ နှစ်နှစ်က ဂျာမနီမှာ ကျင်းပတဲ့ ယူရို ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန် အသင်းဟာ အခု ကမ္ဘာ့ဖလားကိုပါ ရယူပြီး ယူရိုချန်ပီယံနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို တစ်ဆက်တည်း ပိုင်ဆိုင်နိုင်တဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာ စပိန် အသင်းဟာ တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ရဲ့ ကြံ့ခိုင်မှု အတွက်ပါ စိုးရိမ်ပူပန်နေရတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ရလဒ်ပိုင်း ပြန်လည် ကျဆင်းခဲ့ပါတယ်။ ၂၀၁၄ မှာ အုပ်စုအဆင့် ကတင် လှည့်ပြန်ခဲ့ရသလို၊ နောက်ပိုင်း ပြိုင်ပွဲ နှစ်ခုလုံး မှာလည်း ၁၆ သင်း အဆင့်မှာပဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆက်တိုက် ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာကြောင့် ဒီတစ်ကြိမ် မှာတော့ ရလဒ်ကောင်းအောင် ပြန်လည် ရုန်းကန်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တနင်္လာနေ့မှာ ကစားမယ့် ကိတ်ဗာဒီနဲ့ ပွဲမှာ ယာမယ် ပါဝင်ကစားနိုင်မှာ ဖြစ်လို့ စပိန်တို့ အတွက် မျှော်လင့်ချက် မြင့်တက်လာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ကစားသမား သက်တမ်းကို ငဲ့ညှာပြီး ပွဲကစားချိန် ကိုတော့ စနစ်တကျ ထိန်းညှိအသုံးပြုသွားမယ်လို့ သိရပါတယ်။
ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဒီလာဖျုအန်တေးက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ “သတင်းကောင်း ကတော့ လာမင်းဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေတာပါပဲ။ သူဟာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ကြံ့ခိုင်မှု အဆင့်အတန်းမျိုးနဲ့ အသင်းဆီ ရောက်ရှိလာခဲ့တာပါ။ သူရော၊ နီကို ဝီလီယမ်စ်နဲ့ ဗစ်တာ မူနော့ဇ်ပါ အားလုံး အဆင်ပြေကြပါတယ်။ ပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပေမယ့် တချို့ ကစားသမားတွေ ကိုတော့ ပွဲချိန်ပြည့် အသုံးပြုဦးမှာ မဟုတ်ပါဘူး။”

“ဆရာဝန်တွေရဲ့ ပြောပြချက်အရ လာမင်းဟာ မနက်ဖြန်ပွဲမှာ ဘာပြဿနာမှ မရှိဘဲ ပါဝင် ကစားနိုင်ပါတယ်။ ပွဲချိန် မိနစ် ၉၀ အပြည့် မဟုတ်ရင်တောင် မိနစ် အနည်းငယ်တော့ ဝင်ကစားနိုင်မှာပါ။ ဝီလီယမ်စ်ရဲ့ အခြေအနေ ကလည်း အတူတူပါပဲ။ သူတို့ နှစ်ယောက်ဟာ ရက်ပေါင်းများစွာ၊ နာရီပေါင်းများစွာ အတူတူ လေ့ကျင့်ခဲ့ကြပြီး သူတို့ အကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ပျော်ရွှင်နေကြပါတယ်။ ပွဲအခြေအနေက လိုအပ်မယ် ဆိုရင် သူတို့ နှစ်ယောက်လုံးကို ထည့်သွင်း အသုံးပြုသွားမှာပါ။” လို့ ဒီလာဖျူအန်တေးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ ဒီလာဖျူအန်တေးဟာ နောက်ခံလူ မာ့ခ် ကူကူရယ်လာ ချဲလ်ဆီး အသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ကူကူရယ်လာရဲ့ ခြေစွမ်း အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ သူက ယုံကြည်နေပါတယ်။
“ဒီပြောင်းရွှေ့မှုက ကူကူ ဒါမှမဟုတ် တခြား တစ်ယောက်ယောက် အတွက် သတင်းကောင်း ဖြစ်မယ် ဆိုရင် ကျွန်တော်တို့ ဂုဏ်ပြုပေးရမှာပါ။ ကျွန်တော် ကလပ် အသင်းတွေ အကြောင်း မပြောချင်ပါဘူး။ ဒါပေမယ့် အမျိုးသား အသင်း အတွက် ကူကူရယ်လာရဲ့ အခြေအနေကို မေးမယ် ဆိုရင်တော့ သူဟာ တကယ့်ကို ယုံကြည်စိတ်ချရတဲ့သူပါ။”
“သူ ကျွန်တော်တို့နဲ့ အသက် ၁၇ နှစ်သားကတည်းက ရှိနေခဲ့တာပါ။ သူ့ရဲ့ စွမ်းဆောင်ရည်၊ အရည်အသွေးနဲ့ အလားအလာတွေကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူဟာ သံသယ ဖြစ်စရာ မလိုဘဲ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ယောက်ပါပဲ။” လို့ ဒီလာ ဖျူအန်တေးက မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ စပိန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ ဒါပေမယ့် စပိန် အသင်းဟာ နောက်ဆုံး ပါဝင်ခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၄ ကြိမ်မှာ ၂၀၁၀ ခုနှစ် ချန်ပီယံ ဖြစ်ခဲ့တဲ့ တစ်ကြိမ်တည်းသာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ တကယ်တမ်း ပြောရရင် သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၆ ပွဲမှာ ၂၀၂၂ ခုနှစ် အုပ်စု အဆင့်တုန်းက ကော်စတာရီကာကို ၇-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲတစ်ပွဲတည်းသာ အနိုင်ရရှိခဲ့ပြီး ကျန်ပွဲတွေ မှာတော့ ၄ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး ရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


