ဘယ်လွန်ဒေါဆု ၈ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်မှာလား ဆိုတာကို အခုထိ အတည်မပြုသေးပါဘူး။ အာဂျင်တီးနား နည်းပြ လီယွန်နယ် စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ပါဝင်ကစားမလား ဆိုတာဟာ မက်ဆီ ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေသေးကြောင်း ဒါပေမယ့် သူ ပါဝင်လာစေဖို့ အတွက် နည်းပြ တစ်ယောက် အနေနဲ့ “ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားလိုက်ပါတယ်။
တကယ်လို့ မက်ဆီသာ ပါဝင်ခဲ့ရင် ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ပါဝင်ကစားခြင်း ဆိုတဲ့ စံချိန်သစ်ကို တင်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ဦးဦးဖျားဖျား စတင် ကစားခဲ့တဲ့ ပြိုင်ဘက်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ဟာလည်း အခုနှစ်မှာ ဒီစံချိန်ကို ရယူနိုင်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုနဲ့ မတူတာက မက်ဆီဟာ သူ့ရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ စကားတွေကို ပြောဆိုထားတာပါ။
အခုဆို ကမ္ဘာ့ဖလား စတင်ဖို့ ရက်ပေါင်း ၁၀၀ တောင် မလိုတော့တဲ့ အချိန် အထိ မက်ဆီဟာ ဆုံးဖြတ်ချက် မချရသေးပါဘူး။ အာဂျင်တီးနား ကတော့ ၁၉၆၂ ခုနှစ်က ဘရာဇီးလ် အသင်း နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်နိုင်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာဖို့ ကြိုးစားနေတာပါ။
စကာလိုနီက မော်ရီတေးနီးယားနဲ့ ခြေစမ်းပွဲ မတိုင်ခင် သတင်းထောက်တွေကို “သူ (မက်ဆီ) ပါဝင်လာဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဘောလုံးလောကရဲ့ ကောင်းကျိုး အတွက် သူ အဲဒီမှာ ရှိနေသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အာဂျင်တီးနား ပရိသတ်တွေရော၊ တစ်ကမ္ဘာလုံးကပါ သူ့ကို မြင်ချင်ကြတာပါ။ ဒါဟာ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထား၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေပေါ့။ ပြီးမှ သူ ပွဲတိုင်း ကစားနိုင်မလား ဆိုတာ ကျွန်တော်တို့ ကြည့်ရပါမယ်။ သူဟာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရရှိထားတဲ့သူပါ။ ကျွန်တော်တို့ ဘက်က အလောတကြီး မတိုက်တွန်းပါဘူး။”လို့ အာမခံ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်း ကတော့ မက်ဆီက ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ ကိစ္စကို “တစ်ရက်ချင်း၊ တစ်ပွဲချင်းစီ” အလိုက်ပဲ အခြေအနေ ကြည့်ပြီး စဉ်းစားသွားမယ်လို့ ပြောဖူးပါတယ်။ “ဒီနှစ်မှာ ကျွန်တော်တို့ ပွဲတွေ အများကြီး ကစားခဲ့ရတယ်။ အနားယူပြီးတာနဲ့ နောက်ထပ် ဒဏ်ရာ ပြဿနာတွေ ကြုံရတာမျိုးတွေ ရှိခဲ့တယ်။” လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေကြောင့် ဥရောပ ချန်ပီယံနဲ့ တောင်အမေရိက ချန်ပီယံတို့ ထိပ်တိုက်တွေ့ရမယ့် Finalissima ပွဲစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ရတဲ့ အတွက် အာဂျင်တီးနားဟာ ဒီနိုင်ငံတကာ ပွဲစဉ်ကာလမှာ ပြိုင်ဘက်ရှာဖို့ အခက်တွေ့ခဲ့ရပါတယ်။
ဒီကာလ အတွင်း ပွဲမကစား ဖြစ်ရင် ကမ္ဘာ့ဖလား လူစာရင်း မထုတ်ပြန်ခင် ကစားသမားတွေကို အကဲဖြတ်ဖို့ နောက်ဆုံး အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ တခြား နိုင်ငံ အများစု ကလည်း သူတို့ရဲ့ မတ်လ ပွဲစဉ်တွေကို ကြိုတင် သတ်မှတ်ထားပြီးသားမို့ ပြိုင်ဘက်ရှာရ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် အဆင့် ၁၁၆ ရှိတဲ့ မော်ရီတေးနီးယား၊ အဆင့် ၈၈ ရှိတဲ့ ဇမ်ဘီယာ တို့နဲ့ပဲ ဗျူနိုအေးရိစ်မြို့က လာဘွန်ဘိုနီရာ ကွင်းမှာ ကစားဖို့ စီစဉ်ခဲ့ရတာပါ။
မက်ဆီဟာ ဖေဖော်ဝါရီလ နှောင်းပိုင်း အင်တာမိုင်ယာမီ ရာသီသစ်စတင်ကတည်းက ၆ ပွဲ ကစားထားပြီး မတ်လ ၂၂ ရက်က နယူးယောက်စီးတီးကို ၃-၂ နဲ့ နိုင်တဲ့ပွဲ မှာလည်း ဂိုးသွင်းယူခဲ့ပါတယ်။ လာမယ့် ကမ္ဘာ့ဖလား အတွင်းမှာ အသက် ၃၉ နှစ် ပြည့်တော့မယ့် မက်ဆီဟာ ၂၀၂၆ ခုနှစ် အတွင်း သူပါဝင်တဲ့ ပွဲတိုင်းမှာ မိနစ်အပြည့် ကစားထားပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ် ကတော့ အနားယူဖို့ အတွက် ချားလော့တ်အက်ဖ်စီနဲ့ ပွဲစဉ်မှာ ချန်လှပ်ခံထားရပါတယ်။ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အချိန်အထိ မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ရှိနေတာကြောင့် နောက်ဆုံးအချိန်မှ သူ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ ဒါဟာ အကြီးမားဆုံး တုန်လှုပ်စရာ သတင်း ဖြစ်လာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


