ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ပွဲမှာ ပက်ဒရို နတ်တို ရရှိခဲ့တဲ့ အနီကတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲ အတွင်း ချဲလ်ဆီး ကစားသမားတွေ ရရှိခဲ့တဲ့ (၇) ကတ်မြောက် အနီကတ် ဖြစ်ပါတယ်။ နည်းပြ လီယမ် ရိုစီနီယာ အတွက် လက်ရှိ ဒီအခြေအနေက စိုးရိမ်စရာ ဖြစ်ပြီး ချဲလ်ဆီး အနေနဲ့ သူတို့ အသင်းရဲ့ စည်းကမ်းပိုင်းကို ပိုမို ဂရုစိုက်ဖို့ လိုအပ်နေတာ ကတော့ အသေအချာပါပဲ။
အာဆင်နယ်နဲ့ ပွဲမှာ ဆိုရင် ဂန်းနားတို့ ဦးဆောင်ဂိုး ပြန်ရပြီး နောက်ပိုင်း နတ်တိုဟာ စောဒကတက်မိလို့ အဝါကတ် တစ်ကြိမ် ပြသခံထားရပါတယ်။ အဲဒီနောက် မာတင်နယ်လီကို လိုက်လံ ဖျက်ထုတ်ရာမှာ ဘောလုံးရဖို့ အခွင့်အရေး မရှိတာကို သိလျက်နဲ့ ဒုတိယ အဝါကတ် ထိတော့မယ် ဆိုတာကို ဂရုမစိုက်ဘဲ ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခဲ့တာပါ။ ရလဒ် အနေနဲ့ ဒိုင်လူကြီး ဒါရင်း အင်္ဂလန်က သူ့ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး ၁၀ ယောက်တည်း ကျန်ခဲ့တဲ့ ချဲလ်ဆီးဟာ အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါဟာ ဇန်နဝါရီမှာ ခန့်အပ်ခံရတဲ့ နည်းပြသစ် ရိုစီနီယာ အတွက် ပထမဆုံး ပရီးမီးယားလိဂ် ရှုံးနိမ့်မှု ဖြစ်သလို၊ အကယ်၍ လူစုံရှိနေခဲ့ရင် ရလဒ်ပြောင်းလဲနိုင်မယ့် ပွဲကောင်း တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ကိန်းဂဏန်းတွေက ပြောပြတဲ့ အမှန်တရား
အနီကတ် ဆိုတာ တစ်ခါတလေ မှားယွင်းတတ်တဲ့ သဘာဝ ရှိပေမယ့် ချဲလ်ဆီး အတွက် ကတော့ ဒါဟာ သာမန်ကိစ္စထက် ကျော်လွန်နေပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကစားသမားတွေ အနီကတ် (၇) ကတ် ရထားပြီး ဒါဟာ (၄) ပွဲမှာ တစ်ပွဲနှုန်း အနီကတ် ထိနေတာပါ။ အဲဗာတန် (၄ ကတ်) ကလွဲရင် ကျန်တဲ့ ပရီးမီးယားလိဂ် အသင်းတွေဟာ ချဲလ်ဆီးရဲ့ အနီကတ် အရေအတွက် ထက်ဝက်တောင် မရှိကြပါဘူး။
တစ်ရာသီအတွင်း အနီကတ် အများဆုံး စံချိန်က (၉) ကတ် (ဆန်းဒါးလန်းနဲ့ ကျူပီအာ) ဖြစ်ပြီး၊ လက်ရှိမှာ ၁၀ ပွဲ ကစားဖို့ ကျန်သေးတာကြောင့် ချဲလ်ဆီး အနေနဲ့ ဒီစံချိန်ဆိုးကို ချိုးဖျက်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။
ဒီအခြေအနေ အပေါ် နည်းပြ ရိုစီနီယာ ကလည်း “အသင်းရဲ့ စည်းကမ်းပိုင်းက ရာသီအစကတည်းက မကောင်းခဲ့တာ၊ အခုတော့ ပိုဆိုးလာပြီ။ ကျွန်တော် ရောက်လာတဲ့ ၁၀ ပွဲမှာ ဘာပြဿနာမှ မရှိပေမယ့် အခု နောက်ဆုံး ၂ ပွဲမှာ ၂ ကတ် ထိသွားပြီ။ ဒါဟာ အရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းရမယ့် ကိစ္စပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အနီကတ် (၉) ကတ်၊ ကစားသမား (၉) ယောက်

ထူးခြားချက်က ဒီရာသီ ပြိုင်ပွဲစုံမှာ ရရှိထားတဲ့ အနီကတ် (၉) ကတ်လုံးဟာ ကစားသမား (၉) ယောက်ဆီက လာတာ ဖြစ်ပါတယ်။ ဆိုလိုတာက ကစားသမား တစ်ဦးချင်းစီရဲ့ ဆိုးရွားမှုထက် တစ်သင်းလုံးရဲ့ စည်းကမ်းပိုင်းက အားနည်းနေတာလို့ သတ်မှတ်လို့ ရနေပါတယ်။
ချဲလ်ဆီးရဲ့ အနီကတ် ရရှိမှုတွေကို ပြန်ကြည့်မယ် ဆိုရင်
- ရောဘတ် ဆန်းချက်ဇ် – ယူနိုက်တက်နဲ့ ပွဲမှာ (၄) မိနစ် အတွင်း အနီကတ်။
- ထရီဗော့ ချာလိုဘာ – ဘရိုက်တန်နဲ့ ပွဲမှာ ထုတ်ပယ်ခံရပြီး အသင်း ရှုံးနိမ့်ခဲ့။
- မာလို ဂူစတို – နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ မလိုအပ်ဘဲ အနီကတ်ထိခဲ့။
- မွိုက်ဆက်စ် ကိုင်စီဒို – အာဆင်နယ်နဲ့ အိမ်ကွင်း ပွဲစဉ်မှာ ထုတ်ပယ်ခံရ။
- မာ့ခ် ကူကူရယ်လာ – ဖူလ်ဟမ်နဲ့ ပွဲမှာ နောက်ဆုံးလူ အဖြစ် ဖျက်ထုတ်လို့ အနီကတ်ထိ။
- ဝက်စလေ ဖိုဖာနာ – ဘန်လေနဲ့ ပွဲမှာ မလိုအပ်တဲ့ အဝါကတ် ၂ ကတ်နဲ့ ထွက်ခဲ့ရ။
- ပတ်ဒရို နတ်တို – အာဆင်နယ်နဲ့ ပွဲမှာ ၇ ကတ်မြောက် အဖြစ် အနီကတ်ထိ။
- (*ချန်ပီယံလိဂ်မှာ ယာအို ဖီးလစ်နဲ့ လိဂ်ဖလားမှာ လီယမ် ဒီလက်ပ် တို့လည်း အနီကတ် ထိထားခဲ့)
ပြဿနာရဲ့ အရင်းအမြစ်
အဓိက အကြောင်းအရာတွေထဲမှာ လူငယ်ကစားသမားတွေ များပြားတာလည်း ပါနေပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး အသင်း (ပျမ်းမျှ ၂၄ နှစ်ကျော်) ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အထက် ကစားသမား တစ်ဦးမှ မရှိသေးပါဘူး။ အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေရဲ့ လမ်းညွှန်မှု မရှိတာက အလျင်စလို ဆုံးဖြတ်ချက်တွေ ချမိစေတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က စီမံခန့်ခွဲမှု ပုံစံ ဖြစ်ပါတယ်။ ယခင် နည်းပြ အန်ဇို မာရက်စ်ကာက ကစားသမားတွေကို အပြစ်ပေးတာထက် ကိုယ့်ကိုယ်ကိုယ် သင်ယူစေချင်တဲ့ “ ညင်သာတဲ့ ချဉ်းကပ်မှု” ပုံစံကို သုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက မအောင်မြင်ခဲ့ဘူး ဆိုတာ လက်ရှိ ရလဒ်တွေက သက်သေပြနေပါတယ်။
အကျဉ်းချုပ် ဆိုရရင်တော့ ချဲလ်ဆီးဟာ အနီကတ်ထိခဲ့တဲ့ လိဂ်ပွဲ (၇) ပွဲမှာ (၁) ပွဲသာ အနိုင်ရခဲ့ပါတယ်။ အကယ်၍ သူတို့သာ လူစုံကစားနိုင်ခဲ့ရင် အမှတ်တွေ ဒီထက် အများကြီး ပိုရနိုင်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ဘူးဆိုရင် အဓိက တရားခံကတော့ သူတို့ရဲ့ စည်းကမ်းပိုင်း အားနည်းချက်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


