မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက် ကြိုးပမ်းရာမှာ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စကိုရဲ့ ခြေစွမ်းပြမှုဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ နည်းပြ မိုက်ကယ် ကာရစ်ခ်က ချီးကျူး ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆက်စ်ကိုရဲ့ အနိုင်ဂိုးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အနောက် ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် (၃) နေရာ အထိလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစပြီး ၄ မိနစ် မှာတင်ပဲ မက်ဆန့် လာခွာက ပဲလေ့စ် အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းအစ မှာတော့ ဦးဆောင်ဂိုး သွင်းခဲ့တဲ့ လာခွာက ယူနိုက်တက် တိုက်စစ်မှူး မားသီးယပ်စ် ကူညာကို ဆွဲတားခဲ့တာကြောင့် အငြင်းပွားဖွယ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရရှိလာတဲ့ ပယ်နယ်တီ ကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သလို၊ ပွဲချိန် ၆၅ မိနစ်မှာလည်း ဘရူနို ဖာနန်ဒက်စ်ရဲ့ တိကျ သေသပ်တဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဘင်ဂျာမင် ဆက်စ်ကိုက အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။
ဒီတော့ ပြောစရာ ရှိတာက ရာသီအစမှာ အထနှေးခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်ပလာခဲ့တဲ့ ဆက်စ်ကိုရဲ့ ခြေစွမ်း ဖြစ်ပါတယ်။ ဆက်စ်ကိုဟာ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၆) ဂိုးအထိ ရရှိထားပြီး အီဂေါ သီယာဂို (၇ ဂိုး) ပြီးရင် ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပါတယ်။ ဒီနှစ် မတိုင်ခင်က ယူနိုက်တက် အတွက် (၁၅) ပွဲ ကစားပြီး (၂) ဂိုးသာ သွင်းထားနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ သူ့ရဲ့ခြေစွမ်းဟာ သိသိသာသာ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။
ဒီလို ခြေစွမ်းပြနိုင်လာတဲ့ ဆက်စ်ကိုနဲ့ ပတ်သတ်လို့ နည်းပြ မိုက်ကယ် ကာရစ်ခ်က “ဘင် (ဆက်စ်ကို) အတွက် တကယ်ကို ဝမ်းသာပါတယ်။ သူဟာ အသင်း အပေါ် သက်ရောက်မှု အကြီးကြီး ရှိနေသလို အများကြီးလည်း တိုးတက်လာပါတယ်။ သူက အရမ်း ကြိုးစားတဲ့သူ ဖြစ်လို့ အလုပ်အတူတူ တွဲလုပ်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ကာရစ်ခ်ဟာ ယူနိုက်တက် နည်းပြ အဖြစ် ပရီးမီးယားလိဂ် (၉) ပွဲ ကိုင်တွယ်အပြီးမှာ ရမှတ် (၂၃) မှတ် (၇ ပွဲ နိုင်၊ ၂ ပွဲ သရေ) အထိ ရရှိထားပြီ ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် နည်းပြသစ် တစ်ဦးရဲ့ ပထမဆုံး (၉) ပွဲမှာ ရမှတ် အများဆုံး စံချိန် ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျိ ပိုစတီကိုဂလူးရဲ့ စံချိန်နဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ဆက်လက်ပြီး ပြောစရာ ရှိလာတာက ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အလားအလာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ကျော်တက်ပြီး အဆင့် (၃) နေရာကို ရောက်လာတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းသွားခဲ့ပါပြီ။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဆိုရင် ယူနိုက်တက်ဟာ အဆင့် (၄) အတွင်း ဝင်ဖို့ အခွင့်အလမ်း ၅၆.၄ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ပါတယ်။ အကယ်၍ ပရီးမီးယားလိဂ် ကနေ အဆင့် (၅) အထိ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့မယ် ဆိုရင်တော့ ယူနိုက်တက်ရဲ့ အခွင့်အလမ်းဟာ ၈၁.၄ ရာခိုင်နှုန်း အထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ မိုက်ကယ် ကာရစ်ခ် ကတော့ သူ့ရဲ့ အသင်းက အဆင့် (၃) နေရာကို ရောက်ရှိသွားပေမယ့် စိတ်မလောကြဖို့ သတိပေးထားပါတယ်။ “ကျွန်တော်တို့ အဆင့် တစ်ဆင့် တက်လာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ဒါဟာ တစ်ပတ်စာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အောင်ပွဲခံပြီး သာယာနေမှာ မဟုတ်ပါဘူး။ ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် စမ်းသပ်မှု တစ်ခုပါ။ အစောကြီး ဂိုးပေးလိုက်ရပေမယ့် အသင်းလိုက် စုစည်းမှုရှိရှိနဲ့ ပြန်လာနိုင်တာက အကြီးမားဆုံး အောင်မြင်မှုပါပဲ။” လို့ ကာရစ်ခ်က ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ နယူးကာဆယ်၊ ဗီလာ၊ ဘုန်းမောက်၊ လိဒ်စ်၊ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ လစ်ဗာပူးလ်၊ ဆန်းဒါးလန်း၊ ဖောရက်စ်၊ ဘရိုက်တန်တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


