ဘရာဇီးလ် ကလပ် ဖလာမင်ဂို အသင်းရဲ့ ဥက္ကဋ္ဌ လူးဝစ္စ အက်ဒူယာဒို ဘက်ပ်တစ်စတာက လက်ရှိ နည်းပြ ဖီလစ်ပီ လူးဝစ္စသာ အသင်း ကနေ ထွက်ခွာခဲ့မယ် ဆိုရင် ဥရောပရဲ့ ထိပ်တန်း နည်းပြကြီး တစ်ဦး ဖြစ်တဲ့ ယာဂန် ကလော့ပ်ကို ခေါ်ယူဖို့ စဉ်းစားသွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ကလော့ပ်ဟာ တစ်ဖက် မှာလည်း လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး နောက်ခံလူဟောင်း ဖြစ်သလို ဖလာမင်ဂိုရဲ့ လက်ရှိ နည်းပြ ဖီလစ်ပီ လူးဝစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ဥရောပ အသင်းတွေနဲ့ သတင်းတွေ ထွက်နေပါတယ်။ ဥက္ကဋ္ဌ ဘက်ပ်တစ်စတာက ဝက်စ်ဟမ်း ကနေ လူးကပ်စ် ပက်ကေးတားကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့တာကို နမူနာယူပြီး ကလော့ပ်လို အဆင့်အတန်းမြင့် နည်းပြမျိုး ကိုလည်း ဆွဲဆောင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဘက်ပ်တစ်စတာက “ဖိလစ်ပီ က နောက် ၁၀ နှစ် အထိ ဖလာမင်ဂိုမှာ ဆက်နေဖို့ မစဉ်းစားထားပါဘူး။ သူက ဥရောပကို ပြန်သွားဖို့ စဉ်းစားနိုင်သလိုပဲ၊ ဖလာမင်ဂို ကလည်း ဥရောပ နည်းပြ တစ်ယောက်ကို ဘာလို့ မစဉ်းစားနိုင်ရမှာလဲ။ ကျွန်တော် လူးကပ်စ် ပက်ကေးတားကို ခေါ်နိုင်ခဲ့ရင် ကလော့ပ် ကိုရော ဘာလို့ မခေါ်နိုင်ရမှာလဲ” လို့ AS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကလည်း ကလော့ပ်ကို မျက်စိကျနေ
ကလော့ပ်ဟာ လက်ရှိမှာ ဘောလုံး လောကထဲကို ပြန်လည် ဝင်ရောက်နေပြီ ဖြစ်ပေမယ့် နည်းပြ အဖြစ်တော့ မဟုတ်ပါဘူး။ သူဟာ ၂၀၂၅ ဇန်နဝါရီလက စပြီး ရက်ဘူးလ်အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးရေးရာ အကြီးအကဲ အဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ် ကို နည်းပြလောကထဲ ပြန်ဝင်လာဖို့ မျှော်လင့်ချက်တွေနဲ့ အတူ လာလီဂါ ကလပ်က စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီရာသီ အစောပိုင်းမှာ ဇာဘီ အလွန်ဆို ထွက်ခွာသွားပြီးနောက် လာလီဂါ ထိပ်သီး တို့ဟာ ကလော့ပ် အပါအဝင် ထိပ်တန်း နည်းပြ များစွာနဲ့ သတင်းထွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်က လူငယ် အသင်း နည်းပြဟောင်း အဲလ်ဗာရို အာဘီလိုအာကို ယုံကြည်စွာနဲ့ တာဝန်ပေးထားပါတယ်။
နည်းပြလောကထဲ ပြန်ဝင်လာဖို့ ကလော့ပ်ရဲ့ သံသယများ
ကလော့ပ် ကိုယ်တိုင် ကတော့ လက်ရှိအချိန်မှာ နည်းပြ လောကထဲ ပြန်ဝင်ဖို့ စိတ်မဝင်စားသေးဘူးလို့ ဝန်ခံထားပေမယ့် အနာဂတ်မှာ ဖြစ်လာနိုင်ချေကိုတော့ လုံးဝ ငြင်းပယ်ခြင်း မရှိပါဘူး။ ကလော့ပ်က “ကျွန်တော် အခုလုပ်နေတဲ့ အလုပ်ကို ချစ်ပါတယ်။ နည်းပြ လုပ်ရတာကို လွမ်းမနေပါဘူး။ မိုးထဲလေထဲမှာ ၂ နာရီ၊ ၃ နာရီလောက် ရပ်နေရတာမျိုး၊ တစ်ပတ်ကို သတင်းစာ ရှင်းလင်းပွဲ ၃ ကြိမ် လုပ်ရတာမျိုး ဒါမှမဟုတ် တစ်ပတ်ကို အင်တာဗျူး ၁၀ ကြိမ်၊ ၁၂ ကြိမ်လောက် ဖြေရတာမျိုးတွေကို ကျွန်တော် မလွမ်းပါဘူး။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျွန်တော် အသင်းဝတ်လဲခန်းထဲမှာပဲ သေမသွားချင်ဘူး။ ကျွန်တော် ပွဲပေါင်း ၁,၀၈၀ ကျော် နည်းပြခဲ့ပြီးပြီ ဆိုတော့ အဝတ်လဲခန်းထဲမှာ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပြီးပါပြီ။ ကျွန်တော် အသက် ၅၈ နှစ်ပဲ ရှိပါသေးတယ်။ ဒါဟာ လူငယ်တွေ အမြင်မှာ အိုမင်းနေပြီလို့ ထင်ရပေမယ့် တခြားရှုထောင့်က ကြည့်ရင် သိပ်မကြီးသေးပါဘူး။ ဒါကြောင့် နောက်နှစ် အနည်းငယ်ကြာရင်တော့ ကျွန်တော် တစ်ခုခု ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် အခုချက်ချင်းတော့ ဆုံးဖြတ်ဖို့ မလိုသေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


