အောက်တိုဘာ ၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နူးကမ့်မှာ ပွဲကြည့်စင် သက်သက်ထားပေးဖို့ မက်ဆီ တောင်းဆိုတယ် ဆိုတဲ့ အချက်ကို ပြက်ရယ်ပြုခဲ့တဲ့ ဆွာရက်ဇ်
စပိန် သတင်းစာ El Mundo က ဖွင့်ချခဲ့တဲ့ မက်ဆီနဲ့ လာလီဂါ ကလပ် ဘာစီလိုနာ တို့ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ မက်ဆီက သူနဲ့ ဆွာရက်ဇ်တို့ အတွက် ပွဲကြည့်စင်မှာ VIP Box တစ်ခု ထားပေးရမယ်လို့ တောင်းဆိုခဲ့တဲ့ အချက် ပါဝင်ခဲ့ပါတယ်။
လီယွန်နယ် မက်ဆီနဲ့ လူးဝစ္စ ဆွာရက်ဇ် တို့ကတော့ ဘာစီလိုနာမှာ အတူတူ တွဲဖက် မကစားတော့ပေမယ့်လည်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး ညီအကိုတွေလို နေကြသူတွေပါ။ မက်ဆီက ဆွာရက်ဇ် အတွက်ပါ တောင်းဆိုတယ် ဆိုတဲ့ အချက်ကိုလည်း တော်တော်များများက လှောင်ပြောင်နေခဲ့ကြပြီး အခုအခါမှာ ဆွာရက်ဇ်က အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ဖွင့်ဟ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
“အဲဒါက ကျနော့်ကို ရယ်ချင်စေတယ်ဗျ၊ နာမည်ကျော် ကစားသမားတိုင်းရဲ့ စာချုပ်မှာ သူတို့အတွက် Box တစ်ခု ထားပေးဖို့ တောင်းဆိုတာက ပုံမှန်ပါပဲ၊ ဥပမာ ပြောရရင် အက်သလက်တီကိုမှာ ကျနော် ကစားတော့လည်း အဲဒီလို တောင်းဆိုခဲ့တာပဲ၊ နေစီယွန်နယ် မှာလည်း အဲဒီအတိုင်းပါပဲ၊ ဒီထင်ကြေးတွေ အားလုံးက ကျနော့်ကို ရယ်ရအောင် လုပ်နေတာ၊ တကယ်တော့ မက်ဆီက အသင်းကို ပိုမိုလွယ်အောင် ကြိုးစားပေးနေတာပါ”
“အဲဒီမှာ ပွဲကြည့်စင်ပေါ်က နေရာကို ကျနော်တို့ မိသားစု နှစ်ခုကပေါင်း အသုံးပြုနေတာပါ၊ ကျနော့် အတွက် တစ်ခု၊ မက်ဆီ အတွက် တစ်ခု ဆိုရင် အသင်း အတွက် ပိုပြီး ခက်ခဲသွားပါလိမ့်မယ်၊ ဒီသတင်းတွေက မဟုတ်မှန်ပါဘူး”လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။
လာလီဂါ ရွှေဖိနပ်ဆု တိုက်ပွဲမှာ အပြတ်အသတ် အသာရနေတဲ့ လီဝမ်ဒေါစကီး
ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဒီရာသီမှာ လိဂ်ဂိုး ၉ ဂိုးအထိ သွင်းယူထားကာ လာလီဂါ ရွှေဖိနပ်ဆု အတွက် ဦးဆောင်နေပါတယ်။ ဒီရာသီမှာမှ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပေမယ့် လီဝမ်ဒေါစကီးက လိဂ် အသစ်မှာ ခြေစွမ်းပြနေပြီး သူ့အရင် ရှိနေပြီးသား တိုက်စစ်မှူးတွေထက် ပိုမို ကောင်းမွန်တဲ့ ပုံစံကို ပြသနေပြီး ဇာဗီ အတွက် အားကိုးစရာ ကစားသမား ဖြစ်နေပါတယ်။
လီဝမ်ဒေါစကီးရဲ့ နောက်မှာတော့ ရီးရဲလ်ဘက်တစ် ကစားသမား ဘော်ဂျာ အဂ်လီဆီယပ်စ်က သွင်းဂိုး ၆ ဂိုးနဲ့ ရှိနေပြီး ဆဲလ်တာဗီဂိုက အိုင်အေဂို အက်စ်ပက်စ်၊ ရီးရဲလ်မက်ဒရစ်က ဗင်နီရှပ် ဂျူနီယာတို့က ၅ ဂိုးစီနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အက်သလက်တီကိုမက်ဒရစ်က မိုရာတာနဲ့ အက်စ်ပန်ညိုက ဟိုဆေးလူတို့က ၄ ဂိုးစီ၊ ဘီလ်ဘာအိုက နီကို ဝီလီယံ၊ ရီးရဲလ်မက်ဒရစ်က ရိုဒရိုင်ဂို၊ ဘန်ဇီမာ၊ ဗယ်လ်ဗာဒီတို့က ၃ ဂိုးစီနဲ့ အစဉ်လိုက် ရှိနေပါတယ်။
ရွှေဖိနပ်ဆု အတွက် လီဝမ်ဒေါစကီးနဲ့ ဘန်ဇီမာတို့ အဓိက ပြိုင်ဆိုင်ရမယ်လို့ အားလုံးက တွက်ဆထားပြီး လက်ရှိမှာ ပိုလန်သားက ပြင်သစ်သားကို ၆ ဂိုး အထိ အသာစီး ရရှိနေပါတယ်။ ဘန်ဇီမာက ဒဏ်ရာကြောင့် အနားယူနေရခဲ့ရပြီး ပွဲအနည်းငယ်ကို လွဲချော်ခဲ့ကာ မနေ့က အိုဆာဆူနာနဲ့ ပွဲမှာ ပြန်ကစားနိုင်ခဲ့ပေမယ့် ပင်နယ်တီ လွဲချော်ခဲ့လို့ အသင်း အတွက်ရော၊ သူ့အတွက်ပါ နစ်နာခဲ့ရပါတယ်။
အိုဆာဆူနာနဲ့ တွေ့တိုင်း ပင်နယ်တီ အိပ်မက်ဆိုးတွေ မက်နေခဲ့ရတဲ့ ဘန်ဇီမာ
ပြီးခဲ့တဲ့ ရာသီတုန်းက အိုဆာဆူနာနဲ့ ပွဲမှာ ဘန်ဇီမာက ၇ မိနစ် အတွင်း ပင်နယ်တီ ၂ ကြိမ် ကန်ခွင့်ရခဲ့တာကို နှစ်ကြိမ်စလုံး လွဲချော်ခဲ့ပါတယ်။ မနေ့ညက အိုဆာဆူနာနဲ့ ပွဲမှာလည်း ဘန်ဇီမာ တစ်ယောက် ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ထပ်မံ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အိုဆာဆူနာ ရင်ဆိုင်ရချိန်တိုင်း ပင်နယ်တီ ကန်ခွင့်ရခဲ့တဲ့ ဘန်ဇီမာ အတွက်တော့ အိပ်မက်ဆိုးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲရဖို့ အခွင့်အရေး ကလည်း သူ့ရဲ့ လွဲချော်မှုကြောင့် ပျက်ပြယ်ခဲ့ရပြီး ဒီရာသီ ပွဲတိုင်း အနိုင်ရနေတဲ့ စံချိန် ကိုပါ ရပ်တန့်သွားစေခဲ့ပါတယ်။ ပြင်သစ် တိုက်စစ်မှူးက ပွဲပြီးခါနီးမှာ အပိုင် အခွင့်အရေး ထပ်ရခဲ့ပေမယ့် လွဲချော်နေခဲ့ရပြီး ကံဆိုးတဲ့ ညတစ်ညကို ဖြတ်သန်းခဲ့ရပါတယ်။ ဘာနေဗျူးမှာ သရေတစ်မှတ် ရအောင် ယူသွားနိုင်ခဲ့တာက အိုဆာဆူနာ အတွက်လည်း အဖိုးတန်လွန်းပါတယ်။ အန်ဆယ်လော့တီ အတွက်တော့ ပါးစပ်နား ရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံလိုက်ရသလို ဖြစ်နေမှာ သေချာပါတယ်။ ဒီပွဲကို သရေကျခဲ့လို့ ဘာစီလိုနာက အမှတ်ပေးဇယားထိပ်ကို ဦးဆောင်သွားခဲ့ပြီး လာလီဂါ ပြိုင်ပွဲ ကတော့ အရှိန်တွေ မြင့်တက်စပြုလာနေပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.