စက်တင်ဘာ ၂၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး အများအပြားရရင် ရောင်းချဖို့ ဘာစီလိုနာ စဉ်းစားနေ
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ သူတို့ အသင်းရဲ့ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီသတင်းက အံ့အားသင့်ဖွယ်ရာ ကောင်းနေခဲ့ပြီး ဘာစီလိုနာက ဘဏ္ဍာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ဒမ်ဘီလီကို ရောင်းချမှာလား စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။
ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ ဒမ်ဘီလီဟာ ဇာဗီ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် ခြေစွမ်းပြလာခဲ့ပြီး ပုံမှန် ပွဲထွက်ကစားခွင့်ပါ ရနေခဲ့သူ ဖြစ်ပါတယ်။ ဒဏ်ရာ ကင်းစင်ရင် ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသနိုင်တဲ့ ဒမ်ဘီလီက ရာသီ မှာလည်း ခြေစွမ်းပြနေတာ ဖြစ်ပြီး သူ့ကို ရောင်းချမယ့် အကြောင်းပြချက်က ဘဏ္ဍာရေး ပြသနာကြောင့်သာ ဖြစ်မယ်လို့လည်း သုံးသပ်နေကြပါတယ်။
ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမားကို ဘာစီလိုနာက အခုနှစ် ဘောလုံးရာသီ အစောပိုင်း ကမှ စာချုပ်သစ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ပါ အချက်အလက်အရ စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ထားပြီး အဆိုပါ ပမာဏ ရရှိမယ် ဆိုရင်တော့ ဘာစီလိုနာက ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သဘောတူညီချက်အရ ဒမ်ဘီလီ အနေနဲ့ စာချုပ်ဖျက်သိမ်းကြေးရဲ့ တစိတ်တပိုင်းကို ခံစားခွင့် ရရှိမယ်လို့ သိရပါတယ်။
ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တဲ့ အာရူဂျို
ဥရုဂွေး လက်ရွေးစင် အသင်းအတွက် ကစားပေးရင်း ပေါင်တွင်းကြောပြတ် ဒဏ်ရာရရှိခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဂျိုဟာ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် အာရူဂျိုဟာ အနည်းဆုံး ၁ လကြာအနားယူရတော့မှာဖြစ်ပြီး အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ အတွက် ခွဲစိတ်မှု ခံယူဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။
ဒီရာသီမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြကစားနေပြီး အဓိက ကစားသမား ဖြစ်လာချိန်မှာမှ အခုလို ဒဏ်ရာရခဲ့တာက အာရူဂျို အတွက် နစ်နာစရာ ဖြစ်လာခဲ့ပါတယ်။ ဇာဗီရဲ့ ယုံကြည်မှုကို ရရှိထားသလို ယုံကြည်ထားတဲ့ အတိုင်းလည်း ခြေစွမ်းပြသနိုင်ခဲ့လို့ အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာဖို့ အထိပါ အာရူဂျိုက ခန့်မှန်းခံထားရသူ ဖြစ်ပါတယ်။
ဘာစီလိုနာကလည်း ကစားသမားရဲ့ ဒဏ်ရာကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်း ကိုသာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အာရူဂျိုရဲ့ ဒဏ်ရာ ရရှိမှုကြောင့် ဘာစီလိုနာက ဖီဖာ ကနေ လျော်ကြေးငွေ ရရှိဖို့ ရှိနေပြီး ယူရို ၂ သောင်းကျော်ရမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အတွက်တော့ ငွေကြေးထက် အားထားရတဲ့ ကစားသမားကို လက်လွှတ်ထားရမှာက ပိုပြီးတော့ စိတ်ပျက်စရာ ဖြစ်နေခဲ့ရပါတယ်။
ကမ္ဘာ့ဖလားအတွက် ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ မိုဒရစ်
ခရိုအေးရှား ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ နေးရှင်းလိဂ် ပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့ပြီး လာမယ့် ကာတာ ကမ္ဘာ့ဖလား အတွက် ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမယ့် မိုဒရစ်က အသင်းကို အကောင်းဆုံး ဦးဆောင်နေပြီး သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကို ပြုလုပ်နိင်ဆဲ ဖြစ်ကာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလိုမျိုး အသင်းကို ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
မိုဒရစ်က လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် မှာလည်း အဓိကကစားသမား အဖြစ် ပါဝင်နေဆဲ ဖြစ်ကာ အသင်းရဲ့ ကစားကွက်ကို ထိန်းချုပ်နိုင်မှု အတင်အချ လုပ်နိုင်မှု အပိုင်းတွေမှာ အရေးပါနေဆဲ ဖြစ်ပါတယ်။ အသက်ကြီးလာလေ ခြေစွမ်းပြလေ ဖြစ်နေတဲ့ မိုဒရစ်က ခရိုအေးရှားကို လာမယ့် ကမ္ဘာ့ဖလားမှာ တခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ပရိသတ်တွေ ကလည်း မျှော်လင့်နေကြပါတယ်။ မိုဒရစ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူကာ ၁ ကြိမ် ဖန်တီးပေးထားခဲ့ပါတယ်။ မိုဒရစ် အတွက် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲက နောက်ဆုံးသော နိုင်ငံတကာ ပြိုင်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးပါက မိုဒရစ်က နိုင်ငံတကာ ကစားသမား ဘ၀ ကနေ အနားယူနိုင်တယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.