စက်တင်ဘာ ၂၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့် နွေမှာလည်း ငွေသုံးကြမ်းဦးမယ့် ဘာစီလိုနာ၊ ဘာနာဒို ဆေးလ်ဗားဟာ အဓိက ပစ်မှတ်ဖြစ်
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူထားခဲ့သလို လာမယ့်နှစ် နွေရာသီ မှာလည်း ငွေသုံးကြမ်းသွားဖွယ် ရှိနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလက ကတ်ဆေး၊ ခရစ္စတန်ဆန်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး၊ ကွန်ဒေး၊ ဘယ်လာရင်၊ မားကို့စ် အလွန်ဆို တို့ကို ခေါ်ယူထားခဲ့ပြီး ခံစစ်ကို အဓိက အားဖြည့်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ကစားသမားသစ် ၇ ဦး အထိ ခေါ်ယူခဲ့ပေမယ့် ရာဖင်ညာ၊ လီဝမ်ဒေါစကီးနဲ့ ကွန်ဒေး တို့ အတွက်ပဲ ပြောင်းရွှေ့ကြေး ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်း အတွက် အသုံးမဝင်တော့တဲ့ ကစားသမား ၁၀ ဦးထက် မနည်းကို အပြီးသတ်သော်လည်းကောင်း အငှားနဲ့သော်လည်းကောင်း ရှင်းထုတ်နိုင်ခဲ့လို့သာ လာပေါ်တာ တစ်ယောက် အနည်းငယ် ခေါင်းအေးနေခဲ့ရတာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် လာပေါ်တာတို့ အုပ်စုက လာမယ့် နွေရာသီမှာ မန်ချက်စတာစီးတီး ကွင်းလယ် ဖန်တီးရှင် ဘာနာဒို ဆေးလ်ဗားကို အဓိက ပစ်မှတ်ထား ခေါ်ယူသွားဖို့ ရှိပြီး နည်းပြ ဇာဗီ ကိုယ်တိုင် ကလည်း ပေါ်တူဂီ ကစားသမားကို လိုလိုလားလား ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ကတ်တာလန် ကလပ်ဟာ ဘာနာဒို ဆေးလ်ဗားကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး မန်စီးတီး ဘက်က လိုချင်တဲ့ ငွေကြေးတစ်ရပ်ကို ပေးချေဖို့ အခက်အခဲ ရှိလို့သာ နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။
အဆန်စီရိုရဲ့ နေရာမှာ အငှားချထားတဲ့ ဒီးရာ့ဇ်ကို ပြန်လည် ခေါ်ယူပြီး အစားထိုးချင်နေတဲ့ ရီးရဲလ်
နောက်ထပ် လာလီဂါ ထိပ်သီး ကလပ် ရီးရဲယ်မက်ဒရစ် ကတော့ အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ မာကို အဆန်စီရိုရဲ့ နေရာမှာ အစားထိုးဖို့ အေစီမီလန် အသင်ထံ အငှားချထားတဲ့ ဘရာဟင်မ် ဒီးရာ့ဇ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
စပိန် ကွင်းလယ် တိုက်စစ် ကစားသမား အဆန်စီရိုဟာ နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ မကျေမနပ် ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လိုက်ပ်ဇစ် ဘက်ကို ဂိုးသွင်းပြီး အသင်းနဲ့ ဆက်ဆံရေး ကောင်းတွေ ပြန်လည် တည်ဆောက်ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ စပိန်သား ကိုယ်တိုင်က လာမယ့် ကာတာ ကမ္ဘာ့ဖလားကို ကစားချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းကို ပြောင်းရွှေ့လိုနေဆဲ ဖြစ်ကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲယ်မက်ဒရစ် ဘက်က ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး အပူတပြင်း ရှာဖွေနေပြီး ကစားသမားသစ် ထပ်မံ ခေါ်ယူခြင်းထက် အငှားချထားရာ ကနေ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦး ကိုပဲ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အေစီမီလန် ဘက်ကတော့ သူတို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရာဟင်မ် ဒီးရာ့ဇ်ကို ယူရို ၂၂ သန်းနဲ့ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒ ရှိနေပေမယ့် စာချုပ်ပါ အချက်အလက်တွေ အရ ရီးရဲယ်မက်ဒရစ် ဘက်ကလည်း အလိုရှိရင် ယူရို သန်း ၃၀ နဲ့ ပြန်လည် ဝယ်ယူနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အစောပိုင်း ကာလ ပြောကြားချက်တွေအရ ဘရာဟင်မ် ဒီးရာ့ဇ်ဟာ မက်ဒရစ်ကို ပြန်ဖို့ထက် မီလန်မှာပဲ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
ပါအူ တောရက်စ်ကို ခေါ်ယူဖို့ စဉ်းစားခဲ့ကြသေးတဲ့ ပရီးမီးယားလိဂ် လန်ဒန် ကလပ်များ
ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၃ သင်း ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါး တို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဗီလာရီးရဲယ် နောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ကနေ ၄၅ သန်းအထိ လိုချင်ခဲ့တာကြောင့် ၃ သင်းစလုံး လက်လျှော့သွားခဲ့ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ပါအူ တောရက်စ်ဟာ အတွေ့အကြုံ ရှိပြီး အရည်အသွေး မြင့်တဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ဗီလာရီးရဲယ် အတွက် ပုံမှန် ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ နည်းပြ အူနိုင်း အန်မေရီ အားကိုးရတဲ့ ခံစစ်မှူးလည်း ဖြစ်သလို ဗီလာရီးရဲယ်တို့ ၂၀၂၀-၂၀၂၁ ယူရိုပါလိဂ် ဆွတ်ခူးရာမှာ အဓိက အခန်းကဏ္ဉကနေ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ စပိန် လက်ရွေးစင်ဟာ အခုနှစ် ဘောလုံးရာသီ မှာလည်း အဝါရောင် ရေငုပ်သင်္ဘောတွေ အတွက် လာလီဂါ ပွဲစဉ် ၆ ပွဲ ပါဝင် ကစားထားခဲ့ပြီး ၄ ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင် ပေးထားနိုင်ပါတယ်။
ရိုမာနိုရဲ့ ဆက်လက် ဖော်ပြချက်အရ ချဲလ်ဆီးဟာ အခုနွေရာသီမှာ နာပိုလီက ကာလီဒူ ကူလီဘာလီ၊ လက်စတာစီးတီးက ဝက်စ်လေ ဖိုဖာနာ တို့ နှစ်ဦးပေါင်း အတွက် ယူရို သန်း ၁၂၀ အသုံးမပြုခင် ပါအူ တောရက်စ်ကို အရင်ဆုံး စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ် ကတော့ ပါအူ တောရက်စ်ကို စိတ်ဝင်စားခဲ့သေးပေမယ့် မာဆေးလ်က ပြန်လည် ခေါ်ယူထားတဲ့ ဝီလီယံ ဆလီဘာ ကိုသာ နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပြီး စပါး ကတော့ ခရစ္စတီယန် ရိုမဲယို ကိုပဲ အပြီးသတ် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ကြောင်း ရိုမာနိုက ဖော်ပြခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.